ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)တွင် ဧရာဝတီမြစ်ရေသည် (၅)ရက်အတွင်း (၄)ပေခန့်မြင့်တက်လာပြီး မြစ်ကမ်းဘေး အနိမ့်ပိုင်းရပ်ကွက်ချို့တွင် ဇူလိုင် ၁၃ ရက်က ရေများ စတင်ဝင်ရောက်လျှက်ရှိကြောင်း ပြည်ခရိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။
ဧရာဝတီမြစ်ရေသည် ဇူလိုင် ၈ ရက်တွင် (၂၆၄၃)စင်တီမီတာသာရှိခဲ့ရာမှ ဇူလိုင် ၁၄ ရက် နံနက်(၆)နာရီခွဲတွင် တိုင်းတာချက်များအရ (၂၇၈၇)စင်တီမီတာထိ ရောက်ရှိလာပြီး ပေအားဖြင့် (၄)ပေခန့်မြင့်တက်လာကြောင်း သိရသည်။
ပြည်မြို့၏ စိုးရိမ်ရေမှတ်သည် (၂၉၀၀)စင်တီမီတာဖြစ်ပြီး လက်ရှိ အရှိန်အတိုင်း ဆက်လက်မြင့်တက်နေပါက ဇူလိုင် ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ဖွယ် အနေအထားရှိကြောင်း သိရသည်။
“မကြာခင် ရေကြီးတဲ့ကာလကို ရောက်လာတော့မှာဖြစ်တဲ့အတွက် အရေးကြီးတဲ့စာရွက်စာတမ်းတွေ၊ ရွှေ၊ ငွေ၊ အဖိုးတန်ပစ္စည်းတွေကို ဘေးလွတ်ရာကို ကြိုတင်ရွှေ့ပြောင်းထားတာတွေပြုလုပ်သင့်ပါတယ်။ ရေတက်လာပြီ ဆိုရင်တော့ သက်ဆိုင်ရာကအကူအညီတွေနဲ့ပြုလုပ်ကြမယ့် ကယ်ဆယ်ရေးစခန်းတွေကိုပြောင်းရွှေ့ကြရမှာပါ။” ဟု ပြည်ခရိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်မြင့်ကြည်က ပြောသည်။
လက်ရှိတွင် ပရဟိတလူမှုကူညီရေးအသင်းများအနေဖြင့်လည်း ရေကြီးဧရိယာများသို့ ကွင်းဆင်းကြည့်ရှုကာ စက်လှေများအသင့်ပြင်ဆင်ခြင်း၊ ကယ်ဆယ်ရေးအဖွဲ့များ အသင့်ပြင်ထားခြင်း၊ ရေနစ်မြုပ်သည့် အိမ်များမှ ရွှေ့ ပြောင်းနိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို လုပ်ဆောင်လျှက်ရှိကြောင်း ပြည်မြို့အခြေစိုက်မိုးမေတ္တာလူ မှုကူညီရေးအသင်းမှ သိရသည်။“ကျွန်မတို့ရပ်ကွက်ထဲကိုတော့ ရေတွေစဝင်နေပြီ။ ရေက တအိအိနဲ့တက်လာတာ၊ ရေတက်မြန်တယ်။ အိမ် အောက်ပိုင်းတွေကိုတော့ မြုပ်နေပြီ။ မနက်ဖြန်မှ ရေထပ်တက်မယ်ဆို ကျွန်မတော့ ပြောင်းတော့မယ်။”ဟု ပြည်မြို့၊ နဝင်းရပ်ကွက်အနောက်ပိုင်း ရွှေပလ္လင်မှော်အောက်ချိုင့်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
ပြည်မြို့တွင် စိုးရိမ်ရေမှတ်(၂၉၀၀)စင်တီမီတာထက်ကျော်လွန်၍ ရေကြီးနစ်မြုပ်မှုများအဖြစ် ၁၉၇၄ ခုနှစ်၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့တွင်ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
ဧရာဝတီမြစ်ရေမြင့်တက်နေခြင်းကြောင့် ပဲခူးတိုင်း အနောက်ပိုင်းရှိ အနိမ့်ပိုင်းရပ်ကွက်များ ရေဝင်ရောက်နေ
Reviewed by THITHTOOLWIN
on
16:44
Rating:
