ကောင်ရာကျေးရွာအတွင်း လက်နက်ကြီး လေးခုထပ်မံကျသဖြင့် ဒေသခံများ စိုးရိမ်နေ


ဇွန် ၁၆

တနိုင်းမြို့နယ်၊ ကောင်ရာကျေးရွာအတွင်းရှိ သီလရှင်ကျောင်းအရှေ့သို့ လက်နက်ကြီး လေးခု ကျသဖြင့် ဒေသခံများ စိုးရိမ် ထိတ်လန့်နေကြသည်ဟု သိရသည်။

ကောင်ရာကျေးရွာအတွင်း လက်နက်ကြီး လေးခု ကျခြင်းသည် ဇွန်လ ၁၆ ရက် နံနက် ၈ နာရီခန့်က ဖြစ်ပြီး မြန်မာတပ်မတော်နှင့် ကေအိုင်အေ တိုင်းရင်းသားလက်နက်ကိုင်တပ်မတော်အကြား တိုက်ပွဲများကြောင့် ထိုသို့ လက်နက်ကြီး ကျရခြင်း ဖြစ်သည့်အတွက် ဒေသခံအချို့မှာ ကောင်ရာကျေးရွာမှ ထွက်ပြေးတိမ်းရှောင်နေကြပြီ ဖြစ်သော်လည်း အချို့မှာ အိမ်အပြင်သို့ မထွက်ရဲဘဲ ရှိနေကြောင်း ဒေသခံများက ပြောကြားချက်အရ သိရသည်။

“ကျေးရွာအုပ်ချုပ်ရေးမှူတွေက ပြန်လာဖို့ ခေါ်လို့ ရွာကို ပြန်လာတာ။ ပြန်ရောက်တော့မှ အခုတခါ ပြန်ပြီး လက်နက်ကြီး ကျလာတယ်ဆိုတော့ ဘယ်လိုလုပ်လို့ လုပ်ရမလဲ မသိဘူး။ အခု လက်နက်ကြီး ကျလို့ စစ်သား လေးဦး သေသွားတယ်လို့တော့ ကြားတယ်။ သေနတ်တွေနဲ့လည်း အရမ်း ပစ်နေကြတယ်။ ထွက်ပြေးတဲ့သူက ထွက်ပြေး။ အိမ်မှာ ပုန်းတဲ့သူက ပုန်းနဲ့ နေနေရပါတယ်။ ဖုန်းတောင် ကောင်းကောင်း ပြောလို့ မရဘူး”ဟု ကောင်ရာဒေသခံတစ်ဦးဖြစ်သည့် ဦးခေါင်ဒေါင်က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မြန်မာအစိုးရ တပ်မတော်တို့က ကောင်ရာကျေးရွာတွင် နေထိုင်သည့် ဒေသခံ တောင်သူများကို ကျေးရွာသို့ ပြန်လာပြီး လယ်ယာလုပ်ကိုင်ရန် ခေါ်ယူသည့်အပြင် မိမိတို့ တောင်သူများအနေဖြင့ ယခုနှစ်တွင် လယ်ယာမစိုက်ပျိုးနိုင်ပါက လာမည့်နှစ်တွင် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်မည်ကို စိုးရိမ်သောကြောင့် ကောင်ရာကျေးရွာသို့ ပြန်ပြီး လယ်ယာလုပ်ကိုင်နေရခြင်း ဖြစ်သော်လည်း ယခုကဲ့သို့ လက်နက်ကြီး ထပ်မံ ကျသည့်အတွက် မည်သို့ လုပ်ကိုင်ရမည်ကို မသိဖြစ်ကာ စိုးရိမ်ထိတ်လန့်နေကြရကြောင်း ဒေသခံများက ပြောသည်။

“အခုက လယ်မလုပ်ရတော့ဘူး။ ဒီနှစ် လယ်မလုပ်ရရင် ကျွန်တော်တို့လို မိသားစုများတဲ့ အိမ်တွေဆို စားဝတ်နေရေးအတွက် အရမ်းခက်မှာ။ နောက်နှစ်ကတော့ ဘယ်လိုစားသောက်ပြီး နေရမလဲ မသိတော့ဘူး။ အစိုးရကလည်း ဘာမှ မလုပ်ပေးတော့ ကျွန်တော်တို့ ဘယ်ကိုသွားလို့ သွားရမှန်း မသိဘူး”ဟု ဦးခေါင်ဒေါင်က ဆက်လက်ပြောသည်။

အဆိုပါ ကောင်ရာကျေးရွာတွင် ဇွန်လ ၄ ရက်က လက်နက်ကြီးကျခဲ့သဖြင့် လူ သုံးဦး ဒဏ်ရာရရှိခဲ့ပြီး နွား နှစ်ကောင် သေသွားခဲ့သည့်အပြင် တနိုင်းမြို့နယ်အတွင်း ဇွန်လ ၃ ရက်ကစပြီး တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အတွက် ဒေသခံများအနေနှင့် တနိုင်းမြို့သို့ စစ်ဘေးတိမ်းရှောင်နေကြရသည်မှ ယနေ့အထိ ဖြစ်သည်။

မွန်းမွန်းပန်
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm
ကောင်ရာကျေးရွာအတွင်း လက်နက်ကြီး လေးခုထပ်မံကျသဖြင့် ဒေသခံများ စိုးရိမ်နေ ကောင်ရာကျေးရွာအတွင်း လက်နက်ကြီး လေးခုထပ်မံကျသဖြင့် ဒေသခံများ စိုးရိမ်နေ Reviewed by THITHTOOLWIN on 17:30 Rating: 5
Powered by Blogger.