ကဇူးကိုင်းအနီး တံတားထိုးနေ၍ ယာယီပိတ်ထားသည့် ရန်ကုန်- စစ်တွေကားလမ်း ယနေ့ ညတွင် ပြန်ဖွင့်မည်


နိရဉ္စရာ၊ ဇွန် ၁၆

ရေကြီး၍ ကျိုးပျက်သွားသော လမ်းနေရာတွင် ဘေလီတံတားထိုးနေသောကြောင့် ယာယီ ပိတ်ထားခဲ့ရသည့် ရန်ကုန်- စစ်တွေကားလမ်းကို ယနေ့ ညတွင် ပြန်လည် ဖွင့်လှစ်ပေးမည်ဟု အမ်းမြို့နယ် အုပ်ချုပ်ရေးမှူးက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

“ ဒီကနေ့ နံနက် ၁၀ နာရီကနေ စတင်ပြုလုပ်တာပါ။ အခုက တံတားက ပြီးသွားပါပြီ။ အခု ချဉ်းကပ်လမ်း လုပ်နေပါတယ်။ သိပ်မကြာခင်တော့ ပြီးသွားမှာပါ။ လောလောဆယ်တော့ ကားအသွားအလာကို ရပ်ထားပါတယ်။ ဒီနေ့ည ပြန်ဖွင့်ပေးမှာပါ ” ဟု အမ်းမြို့နယ် အုပ်ချုပ်ရေးမှူးက နိရဉ္စရာ သတင်းဌာနသို့ ပြောဆိုသည်။


ကားလမ်းကို ယနေ့ ဇွန် ၁၆ ရက် နံနက် ၁၀ နာရီမှ စတင်ကာ ယာယီ ပြန်ပိတ်ထားခဲ့သဖြင့် လောလောဆယ်တွင် ကားအသွားအလာများ ရပ်တန့်နေကြောင်း သိရသည်။

“ မနက် မိုးလင်းတဲ့အထိ မလိုပါဘူး။ များမကြာမီ ပြီးတော့မှာပါ။ ဒီညနေဘဲ ဖွင့်နိုင်မှာပါ။ လမ်းအထူးအဖွဲ့ (၁၆) က အင်တိုက် အားတိုက် ဆောင်ရွက် နေပါတယ်။ မကြာခင် ပြီးစီးတော့မှပါ” ဟု ပြောကြားသည်။

ရေတိုက်စား၍ ပျက်စီးသွားသော ကားလမ်းတွင် ပေ ၉၀ ဘေလီ တံတားကို အစားထိုး တည်ဆောက်နေခြင်း ဖြစ်ကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလျှံရာမှ ရန်ကုန်- စစ်တွေကားလမ်း မိုင်တိုင် ၂၈ မိုင် ကျောက်ဆည်တောင်တွင် ကားလမ်းကျိုးပျက်သွားခဲ့သည်။

(ကားလမ်းကို ဘေလီတံတား ထိုးနေကြစဉ်။ ဓာတ်ပုံ- Facebook)
Narinjara
https://www.facebook.com/Narinjara
ကဇူးကိုင်းအနီး တံတားထိုးနေ၍ ယာယီပိတ်ထားသည့် ရန်ကုန်- စစ်တွေကားလမ်း ယနေ့ ညတွင် ပြန်ဖွင့်မည် ကဇူးကိုင်းအနီး တံတားထိုးနေ၍ ယာယီပိတ်ထားသည့် ရန်ကုန်- စစ်တွေကားလမ်း ယနေ့ ညတွင် ပြန်ဖွင့်မည် Reviewed by THITHTOOLWIN on 17:30 Rating: 5
Powered by Blogger.