သီပေါမြို့နယ်အတွင်း ရပ်ရွာလယ်မြေအောက် လှိုဏ်ခေါင်းတူး ကျောက်မီးသွေးထုတ်ယူမှု ယာမြေအက်ကွဲ - ပြိုကျမှု ဖြစ်ပွားမည်ကို ရွာခံများ စိုးရိမ်


ဂျွန်လ ၁၆ ရက် ၂၀၁၇

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ကျောက်မီးသွေးတူးဖော်မှုစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနှင့် အတူ ဆိုကျိုးအမျိုးမျိုးကို ဒေသခံများ ခံနေရကြောင်း နားနျုအုပ်စု ဝမ့်လုံရွာမ ရွာသားများက ပြောဆိုသည်။

ငွေရည်ပုလဲကုမ္မဏီမှ သီပေါမြို့နယ် နားနျုအုပ်စု အတွင်း ပိန်းဆိုင်းနှင့် နားကွန်ရွာတို့တွင် တူးဖော်နေသော ကျောက်မီးသွေးစီမံကိန်းကြောင့် စွန့်ပစ်ရေများမှာ အိုင်သေကြီးတခုအဖြစ် ဖြစ်ပေါ်နေပြီး သည့် အပြင် ရပ်ရွာ လယ်မြေအောက် လှိုင်ခေါင်းတူးဖေါ် ကျောက်မီးသွေးထုတ်ယူ မှုကြောင့် ယာမြေ အက်ကွဲလိုင်းများ ပေါ်ပေါက်ကာ ရွာမြေ၊ ယာမြေ ပြိုကျမည်ကို ဒေသခံများက စိုးရိမ် နေကြကြောင်း ပြောဆိုသည်။

နမ့်မအုပ်စုလယ်မြေပျက်စီးမှုအကြောင်းကို စိုင်းဆိုင်က - “ ကျောက်မီးသွေးတူးရာကနေ ပေ ၃၀၀ လောက်နက်တဲ့ အိုင်သေကြီးတွေဖြစ်နေတယ်။ မြေဧက ၅၀ လောက်မှာ အဲလိုအိုင်ကြီးတွေထွန်း နေတာ။ ကျွဲနွားတွေ ဘာတွေ အတွက်လဲ စိတ်ပူရတယ်။ ကျသွားရင်တော့ သေဖို့ဘဲရှိတယ်လေ။ နောက်ပြီးတော့ ရေအိုင်ကြီးက လယ်မြေတွေ ထက်မြင့်တယ်။ ဆိုတော့ ရေတွေက စိမ့်ဆင်းလာတယ်။ လယ်တွေ တနှစ်ပတ်လုံး နွံဖြစ်နေတယ်။ ခြောက်တဲ့အချိန်မရှိတာ။ ထွန်ယက်စိုက်ပျိုးလို့လဲမရတော့ဘူး။ အဆိပ်ရေ ၊ နှုံးပါတဲ့ရေတွေဆိုတော့ လယ်မြေပျက်စီးတယ်။ ဒါက ပိန်းဆိုင်းမှာဖြစ်တာ ” ဟု ဆိုသည်။


ထို့အပြင် နားကွန်ရွာတွင်လည်း မြေဧက ၃၀ ခန့်တွင် ထိုသို့သော အိုင်များထွန်းနေကြောင်း၊ ထိုဒေသတွင်မူ မြေမျက်နှာပြင်မှ တူးခြင်းမျိုးမဟုတ်ဘဲ၊ လှိုင်ခေါင်းဖောက်တူးနေသဖြင့် ဒေသခံများ၏ လယ်ယာမြေမျက်နှာပြင်မှာ ၆ လက်မမှ ၁၀ လက်မ ခန့်အကျယ်အထိ အက်ကွဲနေပြီး အရှည်မှာ ပေ ၁၀၀၀ ခန့်အထိ ရှည်လျားကြောင်း ၊ အနက် လူတရပ်စာမက နက်လာနေကြောင်း နားကွန်မှ လုံးတ ကပြောသည်။

အဆိုပါ နားကွန်နှင့် ပိန်းဆိုင်းရွာတွင် ကျောက်မီးသွေးလာရောက်တူးဖော်သည်မှာ ၂၀၀၄ ခုနှစ် ကတည်းကဖြစ်ပြီး လက်ရှိတွင်မူ အဆိုပါဒေသအတွင်း ခိုနားဖှရွာအနီးတွင် ထပ်မံတူးဖော်ရန် ကုမ္မဏီမှ လာရောက် ကြည့်ရှုကာ ဒေသခံများအား စည်းရုံးရေးပြုနေသဖြင့် နားနျုအုပ်စုသားများက ဆန့်ကျင်ခဲ့ခြင်းဖြစ်ကြောင်း စိုင်းဆိုင်က ဆက်လက်ပြောပြသည်။

ကုမ္မဏီဘက်ကလည်း မိမိတို့အနေဖြင့် ရွာသားများနှင့်တွေ့ဆုံဆွေးနွေးပြီးပြီဖြစ်ကြောင်း ပြောဆိုသည်။
“ ကျနော်တို့ကရွာသားတွေနဲ့လည်း ဆွေးနွေးပြီးပါပြီ။ ရွာသားတွေ နားမလည်သေးတဲ့ဟာ တွေလည်းရှင်းပြပြီးပြီ။ နောက်တခု ပြီးခဲ့တဲ့ မေလ နှောင်းပိုင်း ၂၈ ရက်နေ့ကဘဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ကနေပြီးတော့ နမ့်မရွာသားတွေနဲ့သွားတွေ့တယ်။ ရွာသားတွေရဲ့ ဆန္ဒသဘောထားကိုကောက်ယူမေးမြန်းတယ်။ ကျောက်မီးသွေးတူးရင် ဘယ်လိုကောင်းကျိုး မကောင်းကျိုးတွေရှိမယ် ဆိုတာကိုလည်း သွားပြီးရှင်းပြပြီးပြီ” - ဟု ကုမ္မဏီဘက်က အမည်မဖော်လိုသူ တာဝန်ရှိသူတဦးကပြောသည်။

နမ့်မရွာသားများအနေဖြင့် ဒေါက်တာစန္ဒာလှိုင်ဦးဆောင်သည့် စစ်တမ်းကောက်ယူမှုအဖွဲ့နှင့်တွေ့ဆုံစဉ် ကျောက်မီးသွေးတူး ဖော်မှု အလိုမရှိကြောင်း ပြောဆိုခဲ့ပြီးဖြစ်ကြောင်း၊ ကျောက်မီးသွေးတူး ဖော်မှုစီမံကိန်းကြောင့် လယ်ယာမြေဧကပေါင်း ရာနှင့်ချီ ဆုံးရှုံးနေကြောင်းပြောဆိုခဲ့သည်။ သို့သော် အဆိုပါအဖွဲ့ မှရေးသား မှတ်ယူ သွားသည့် အစီရင်ခံစာကိုမူ ရွာသားများအား ကူးယူထားခွင့်မပြုသဖြင့် အထက်သို့ မည်သို့တင်ပြမည်ကို ရွာသားများမသိရှိရ ကြောင်း စိုင်းဆိုင်က ဆက်လက်ပြောပြသည်။
“ ကျနော်တို့တင်ပြသွားတဲ့အထဲမှာတော့ အဓိကကတော့ ခိုနန်းဖှဆိုတဲ့နေရာဟာ နမ့်မ ချောင်းဦးဖြစ်တယ်။ သူတို့အဲ့မှာကျောက်မီးသွေးလာတူးရင် ဒီဒေသက လယ်ယာမြေအားလုံး ရေငတ်မှာ။ လယ်သမားတွေ ဒုက္ခရောက် မှာ။ တဖက်ကလည်း ဒီ ပိန်းဆိုင်း နားကွန်ရွာဘက်မှာ ကျောက်မီးသွေးလာတူးပြီးနောက်ပိုင်း ရွာသားတွေဟာ တီဘီရောဂါ ကင်ဆာရောဂါတွေဖြစ်တာ များတယ်။ ဆေးခန်းသွားမပြရသေးတဲ့သူတွေလဲ အများကြီးကျန်နေ သေးတယ်။ ဒေသခံတွေ အတွက် ဒီလိုဆိုးကျိုးတွေ အများကြီးရှိတဲ့ ကျောက်မီးသွေးစီမံကိန်းကို ကျနော်တို့ဘယ်လို လက်ခံချင်မလဲ ” - ဟုလည်းဆိုသည်။


နားနျုအုပ်စု ဝမ့်လုံရွာမ ရွာကြီးအတွင်း ငွေရည်ပုလဲ ကုမ္မဏီမှ ကျောက် မီးသွေး တွင်းကြီး ၃ နေရာ တူးဖော်နေရာ – ပိန်းဆိုင်းရွာ ၊ ပန်ငါးရွာ နှင့်နား ကွန်ရွာ အနီးတဝိုက်တို့တွင်ဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရပါသည် ။

ငွေရည်ပုလဲကုမ္မဏီသည် ၀မ့်လုံ – နမ့်မကျေးရွာအတွင်းသို့ ၂၀၀၀ ပြည့်နှစ် ကတည်းက စတင်ဝင် ရောက်လာပြီး ခန့်မှန်းဧရိယာ ၃၀ ဧကရှိသည့် ပိန်းဆိုင်းရွာ တွင် ၂၀၀၄ ခုနှစ်မှစ၍ ကျောက်မီးသွေး တူး ဖော်ကြောင်း ၊ ဧရိယာ ၅၀ ဧကခန့်ရှိ နားကွန်ရွာတွင် ၂၀၁၄ ကစတင်တူးဖော်ကြောင်း ၊ ထို့ကြောင့် လယ်ယာခြံမြေများ ၊ တောတောင်ရေမြေ သဘာဝပတ်ဝန်းကျင် ၊ ချောင်းရေများပျက်စီးဆုံးရှုံးရကြောင်း ၊ ညစ်ညမ်းသည့်လေ ၊ ညစ်ညမ်း သည့်ရေများကြောင့်ဒေသခံ၏ ကျန်းမာရေး တနေ့တခြား ဆုတ်ယုတ်လာကြောင်း ဒေသခံများပြောပြချက်အရ သိရပါသည် ။

သျှမ်းသံတော်ဆင့်၊ ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese
သီပေါမြို့နယ်အတွင်း ရပ်ရွာလယ်မြေအောက် လှိုဏ်ခေါင်းတူး ကျောက်မီးသွေးထုတ်ယူမှု ယာမြေအက်ကွဲ - ပြိုကျမှု ဖြစ်ပွားမည်ကို ရွာခံများ စိုးရိမ် သီပေါမြို့နယ်အတွင်း ရပ်ရွာလယ်မြေအောက် လှိုဏ်ခေါင်းတူး ကျောက်မီးသွေးထုတ်ယူမှု ယာမြေအက်ကွဲ - ပြိုကျမှု ဖြစ်ပွားမည်ကို ရွာခံများ စိုးရိမ် Reviewed by THITHTOOLWIN on 16:39 Rating: 5
Powered by Blogger.