မြန်မာ အမျိုးသမီး ငါးဆယ်ရာနှုန်း အလုပ်ထဲမရောက်

စီးပွားရေးမှာ အရေးပါတဲ့ နေရာက ပါဝင်နေတဲ့ မြန်မာ အမျိုးသမီးများ
အလုပ်သမား အင်အားနဲ့ ပတ်သက်လို့ အမျိုးသမီးတွေ အလုပ်တွေထဲ ဝင်လုပ်နိုင်မှု၊ လူငယ်တွေ နဲ့ အလုပ်အခြေအနေ စတာတွေကို ၂၀၁၄ တုန်းက ကောက်ခံခဲ့တဲ့မြန်မာ့ သန်းခေါင်စာရင်း အပေါ် အခြေခံပြီး ထုတ်ထားတဲ့ အစီရင်ခံစာတွေ ထွက်လာပါပြီ။

သန်းခေါင် စာရင်း ထဲက ထုတ်နှုတ်သုံးသပ်ထားတဲ့အဲဒီအစီရင်ခံစာ အရ မြန်မာနိုင်ငံရဲ့အမျိုးသမီး လူဦးရေ ၅၀ ဒသမ ၅ ရာခိုင်နှုန်း ပြောရရင် ၂ ယောက်မှာ တယောက် က လုပ်ငန်းခွင်တွေထဲကို ရောက်မလာသေးဘဲ တကယ်လို့ သူတို့အင်အားတွေ တိုးပြီး ရောက်လာမယ် ဆိုရင်မြန်မာ့စီးပွား ပိုတိုးတက်လာမယ်လို့ ပြောဆိုမှုတွေလည်း ရှိပါတယ်။

မြန်မာနိုင်ငံ လူဦးရေရဲ့ ၆၃ ရာခိုင်နှုန်းကျော်လောက်သာ လုပ်ငန်းတွေ လုပ်နေကြပြီးတော့ ကမ္ဘောဒီးယား ဆိုရင် ၈၁ ရာနှုန်းနီးပါး၊ လာအိုဆိုရင် ၇၇ ရာခိုင်နှုန်းကျော် စသဖြင့် ရှိနေပါပြီ။ သန်းခေါင်စာရင်း ကောက်ရာမှာ ပါဝင်ခဲ့တဲ့ UNFPA ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့ က မြန်မာပြည်ဆိုင်ရာ ကိုယ်စားလှယ် ဂျက်နက် ဂျက်ဆန် က အလုပ်တွေ သာ ပိုဖန်တီးပေးနိုင်ရင် အမျိုးသမီးတွေအလုပ်ရတဲ့ အရေအတွက် ပမာဏ တိုးတက်လာမယ်လို့ ဆိုသလို ဒီလိုအမျိုးသမီးတွေအလုပ်လုပ်နိုင်ဖို့ အတွက် အမျိုးသမီးတွေအနေနဲ့ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်း၊ မြေရရှိနိုင်မှု၊ ချေးငွေ ရရှိနိုင်မှု၊ စတာတွေမှာလည်း ယောက်ကျားတွေနဲ့တန်းတူ ဖြစ်လာဖို့လိုတယ် ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာလည်း တန်းတူ ဖြစ်ဖို့ လိုအပ်တယ် လို့ ဆိုပါတယ်။

ဒီလို အမျိုးသမီးတွေ တဝက်လောက် လုပ်ငန်းခွင်ထဲမရောက်ဘူးဆိုတဲ့ အရေးနဲ့ ပတ်သက်လို့ ကောက်ယူ တဲ့ စာရင်းကို နဲနဲ သံသယ ရှိပြီး မြန်မာပြည်မှာ ရာသီအလိုက် လုပ် နေကြတဲ့ အမျိုးသမီးတွေလည်း ရှိတယ်လို့ စီးပွားရေး ပညာရှင် တယောက် ဖြစ်တဲ့ ဦးခင်မောင်ညို ဘောဂဗေဒ က ပြော ပါတယ်။

အစီရင်ခံစာမှာ အသက် ၁၅ နှစ်နဲ့ ၂၄ နှစ် ကြား လူငယ်တွေ ကြားမှာလည်း ၂၅ ရာခိုင်နှုန်းကျော်ကျော်လောက် က ပညာရေး လုပ်နေတာပဲဖြစ်ဖြစ်၊ အလုပ်လုပ်နေတာပဲဖြစ်ဖြစ်၊ သင်တန်းတခု တက်နေတာပဲဖြစ်ဖြစ် တခုခုမှာ ရှိမနေကြဘူးလို့ ဖော်ပြထားပါတယ်။

၁၀ တန်းအပြင်က ဆက်ဖြေနေတဲ့သူတွေ ကို ပညာရေးလုပ်နေတဲ့အထဲ ထည့်မထည့် သူ သံသယ ရှိတယ်ဆိုပေမယ့် မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အသက်မွေးဝမ်းကျောင်း ပညာတွေသင်ပေးမယ့် နေရာတွေ လိုနေတယ်လို့ ဦးခင်မောင်ညို က ပြောပါတယ်။

မြန်မာနိုင်ငံ မှာ အလုပ်တွေ များလာဖို့၊ အမျိုးသမီးတွေ လုပ်ငန်းခွင်ထဲ ပိုပိုရောက်လာဖို့၊ လူငယ်ဘ၀ ကို အကျိုးရှိရှိဖြတ်သန်းနိုင်ဖို့တွေအတွက် အစီအစဉ် တွေတော့ အများကြီး လိုနေတယ်လို့ စီးပွားရေး ပညာရှင်တွေက ထောက်ပြကြပါတယ်။

BBC Burmese
http://www.bbc.com/burmese
မြန်မာ အမျိုးသမီး ငါးဆယ်ရာနှုန်း အလုပ်ထဲမရောက် မြန်မာ အမျိုးသမီး ငါးဆယ်ရာနှုန်း အလုပ်ထဲမရောက် Reviewed by THITHTOOLWIN on 04:49 Rating: 5
Powered by Blogger.