ဖားကန့် ဇွန် ၁၈
၂ဝ၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ခုံအမှတ် ကဖတ-၉ဝ၆ ဖြင့် ငါးဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ကာ ဝိဇ္ဇာဘာသာတွဲ၌ တစ်နိုင်ငံလုံးတွင် ပထမရရှိသူ ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် မှ မောင်မင်းသက်ခိုင်အား ကြေးမုံမှ ဆက်သွယ်မေးမြန်းခဲ့သည်။
မောင်မင်းသက်ခိုင်က ''ကျွန်တော်က ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာ အုပ်စု တာမခန်ကျေးရွာမှာရှိတဲ့ အထက(တာမခန်)မှာကျောင်းတက်တာပါ။ ဝိဇ္ဇာ ဘာသာရပ်မှာ အမှတ်ပေါင်း ၅ဝ၄ မှတ်နဲ့ပထမရတဲ့အတွက် ဝမ်းသာပါ တယ်။ ကျွန်တော်က နိုင်ငံခြားဘာသာတက္ကသိုလ် (UFL) တက်ဖို့ ရည်ရွယ် ထား ပါတယ်။
''ကျွန်တော်ကအဖေမရှိပါဘူး။ကျွန်တော့်အမေက ကျွန်တော့်ကို အမြဲ အားပေး စကားပြောခဲ့ပါတယ်။ အမေ့ရဲ့ တိုက်တွန်းမှုတွေနဲ့ ဆရာ ဆရာမတွေ ရဲ့ အားပေးမှု၊ စေတနာအပြည့်နဲ့ သင်ကြားပေးမှုတွေကြောင့် ကျွန်တော်အခုလို အောင်မြင်မှုတွေရတာပါ။ ဆရာ ဆရာမတွေက အသင်အပြ လည်းကောင်းပါတယ်။
''အခုလိုဖြစ်ဖို့ ကျွန်တော်အထူးပဲကြိုးစားခဲ့ပါတယ်။ တစ်ရက်စာတစ်ရက် ကြိုးစား ကျက်မှတ်ပါတယ်။ သင်္ချာ၊ အင်္ဂလိပ်မေးခွန်းဟောင်းတွေလည်း အမြဲလေ့ကျင့် ပါတယ်။ တစ်ပတ်စာတစ်ပတ်လည်း ပြန်နွှေးပါတယ်။ တစ်လ ပြည့်သွားရင် အစအဆုံး ပြန်လုပ်ပါတယ်။ အခု ၁ဝ တန်းဖြေမယ့် ညီငယ်၊ ညီမငယ်လေးတွေ လည်း စနစ်တကျနဲ့ ပုံမှန်ကြိုးစားသွားရင် ဖြစ်ချင်တာဖြစ် ကိုဖြစ်မှာပါ''ဟု ပြောသည်။
မိခင်ဖြစ်သူ ဒေါ်သူဇာမြင့်က ''ဒီလိုကြီး တကယ်ထူးချွန်သွားမယ်လို့ ထင် မထား ခဲ့တော့ ဘာပြောရမှန်းကို မသိအောင် ဝမ်းသာနေတာ။ အဲလောက်ကြီး လည်း မှန်းမထားမိဘူး။ နည်းနည်းပဲမှန်းထားတာလေ။ အခက်အခဲတွေတော့ရှိတာပေါ့။
ကျွန်မကဈေးရောင်းပြီးသူတို့ကိုဖြစ်အောင်ကျောင်း ထားတာ။ သူတို့က ညီအစ် ကို နှစ်ယောက်လေ။ သူကအကြီးဆုံး။ သူတို့အဖေ က လွန်ခဲ့တဲ့ သုံးနှစ်ခွဲလောက် ကတည်းကဆုံးသွားတာ။ ရှေ့ဆက်ပြီး ဘာလုပ် ပေးရမယ်ဆို တာကတော့ အခြေအနေအရ သူလုပ်ချင်တာလုပ်ပေးမှာပါ''ဟု ဖြေကြားခဲ့ သည်။
(သီသီမင်း)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/