မိုးသည်းထန်လေပြင်းတိုက်၍ ဆိုင်ကယ်မောင်းသူတစ်ဦး သစ်ပင်ပိပြီးသေဆုံး


ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဇွန်(၂၁)ရက်ညနေပိုင်းကမိုးသည်း ထန်ပြီးလေပြင်းတိုက်မှုကြောင့် သစ်ပင်ပြိုလဲဟာလမ်းပေါ်မှာ မောင်းနှင်လာတဲ့ ဆိုင်ကယ်ပေါ်ပိမိတဲ့အတွက် ဆိုင်ကယ်မောင်းသူ အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။


 ဖြစ်ပွားပုံမှာ အဲဒီနေ့ညနေ(၃)နာရီခွဲဝန်းကျင်က ရေတာရှည်မြို့ တောင်ဘက်(၄)ဖာလုံခန့်ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ်(၁၉၁)မိုင်(၇)ဖာလုံနဲ့(၁၉၂) မိုင်အနီး စက်မှုလယ်ယာထွန်စက်စခန်းရှေ့မှာ လမ်းအတိုင်းမြောက်ဘက်ကနေ တောင်ဘက်ကို မြောက်နန်ချွန်ကျေးရွာနေသူကိုဝင်းဇော်မာင်းနှင်ပြီး ဆိုင်ကယ်နောက်ထိုင်ခုံမှာ ဇနီးဖြစ်သူမစန်းထွေးလိုက်ပါ စီးနင်းလာတဲ့ SHAYAN-125 အမျိုးအစား အနက်ရောင်ဆိုင်ကယ်မောင်းနှင်လာစဉ် မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်ရာမှ ကားလမ်းမဘေး အနောက်ဘက်ရှိ လုံးပတ်(၁၅)ပေခန့်ရှိတဲ့ သပြေပင်ကြီးဟာအလိုအလျောက်လဲကျပြီး ဆိုင်ကယ်ကိုပိမိတာ ဖြစ်ပါတယ်။


သစ်ပင်ကြီးပိမိရာမှ ဆိုင်ကယ်မောင်းနှင်သူ ၀င်းဇော်ဟာ ဒဏ်ရာတွေရရှိကာ အခင်းဖြစ်နေရာမှာပဲသေဆုံးသွားခဲ့ပါတယ်။ ဆိုင်ကယ်နောက်မှာလိုက်ပါလာတဲ့ ဇနီးဖြစ်သူ မစန်းထွေးကတော့ခါးနာကျင်ဒဏ်ရာ၊ ၀ဲ/ယာပေါင်နာကျင်ဒဏ်ရာတွေ ရရှိသွားခဲ့တယ်လို့သိရပါတယ်။ လမ်းနဘေးသစ်ပင်လဲကျလို့ သေဆုံးသွားရသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူအမျိုးသမီးတို့ကိုရေတာရှည်ဆေးရုံကိုပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

 ရေတာရှည်မြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး လေတိုက်မှုကြောင့် ရေတာရှည်မြို့ ပြည်သူ့ဆေးရုံဝင်းအတွင်းမှာ သစ်ပင်တွေလဲကျပြီး ဆေးရုံဝန်ထမ်းတွေနေထိုင်တဲ့ လူနေအိမ်လိုင်းခန်းပျက်စီးသွားပြီး လူတွေတော့ ထိခိုဒဏ်ရာရရှိတာ မရှိဘူးလို့သိရပါတယ်။ သစ်ပင်တွေ လဲကျပျက်စီးရာကိုမြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့မီးသတ်နဲ့ရေတာရှည် မြို့မ လူမှုကူညီရေးအသင်းအဖွဲ့တွေ သွားရောက်ပြီး ရှင်းလင်းရေးဆောင်ရွက်ပေးခဲ့ကြတယ်လို့သိရပါတယ်။ လဲကျသစ်ပင်ပိရာမှ သေဆုံးမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရေတာရှည်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၂/၂၀၁၇ နဲ့ အမှုဖွင့်ဆောင်ရွက်ထားတယ်လို့သိရပါတယ်။ ဒီသတင်းကို ဖြိုးကိုလင်း(ညောင်ဝိုင်း)ကပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
မိုးသည်းထန်လေပြင်းတိုက်၍ ဆိုင်ကယ်မောင်းသူတစ်ဦး သစ်ပင်ပိပြီးသေဆုံး မိုးသည်းထန်လေပြင်းတိုက်၍ ဆိုင်ကယ်မောင်းသူတစ်ဦး သစ်ပင်ပိပြီးသေဆုံး Reviewed by THITHTOOLWIN on 17:41 Rating: 5
Powered by Blogger.