ကာတာကို ပင်လယ်ကွေ့နိုင်ငံတွေက တောင်းဆိုချက်စည်းကမ်းတွေထုတ်

 လောလောဆယ်မှာတော့ အိမ်နီးချင်းနိုင်ငံရဲ့ ပိတ်ဆို့မှုတွေကြောင့် အခက်အခဲ ပေါင်းစုံ ဖြစ်နေတဲ့ ကာတာကို တူရကီနဲ့ အီရန်တို့က အစားအသောက်တွေ တန်ချိန် ထောင်နဲ့ ချီပြီး ပေးပို့ ကူညီနေ
ကာတာနိုင်ငံဟာ အီရန်နဲ့ ဆက်ဆံရေးလျှော့ချပြီး၊ နိုင်ငံတွင်းက တူရကီ စစ်စခန်းကို ပိတ်ရမယ့်အပြင် အယ်ဂျာဇီးယား သတင်းဋ္ဌာနကိုလည်း ပိတ်ရမယ်လို့ ကာတာရဲ့ အိမ်နီးချင်း ပင်လယ်ကွေ့နိုင်ငံတွေက တောင်းဆိုလိုက်ပါတယ်။

ပင်လယ်ကွေ့ဒေသမှာ အကြီးဆုံး စစ်စခန်းကို ကာတာမှာ တပ်ဖြန့်ထားတဲ့ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ရက်က်စ် တေလာဆင်ကတော့ ပင်လယ်ကွေ့နိုင်ငံတွေရဲ့ ကာတာကို တောင်းဆိုမှုတွေဟာ လုပ်ဆောင်လို့ ရတဲ့ မျှတတဲ့ တောင်းဆိုချက်တွေ ဖြစ်သင့်ကြောင်း ပြောဆိုထားပါတယ်။

ကာတာနိုင်ငံဟာ အကြမ်းဖက်ဝါဒကို အားပေးနေတယ်ဆိုပြီး ဆော်ဒီ အာရေးဗီးယား၊ ယူအေအီး ခေါ် အာရပ်စော်ဘွားများနိုင်ငံ၊ အီဂျစ်နိုင်ငံနဲ့ ဘာရိန်းနိုင်ငံတို့က ကာတာနဲ့ ဆက်ဆံရေး လမ်းကြောင်း မှန်သမျှကို ဖြတ်တောက်ထားတာ ဖြစ်ပါတယ်။

ကာတာနိုင်ငံကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး အကြမ်းဖက်သမားတွေအတွက် ကိုယ်စားပြောပေးနေတယ်လို့ စွပ်စွဲခံရတဲ့ ကာတာပိုင် အယ်ဂျာဇီးယား သတင်းဋ္ဌာနကလည်း ဒီစွပ်စွဲမှုတွေဟာ အဓိပ္ပာယ်မရှိဘူးလို့ တုန့်ပြန်ထားပါတယ်။

၁၀ ရက် အတွင်း အကောင်အထည်ဖော်ရမယ်ဆိုပြီး ကန့်သတ်ထားတဲ့ ဒီတောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး ကာတာဘက်က ချက်ချင်း တုန့်ပြန်မှု မလုပ်ခဲ့ပေမယ့် အစောပိုင်းမှာတော့ ကာတာကို ပိတ်ဆို့မှုတွေ ပြန် မဖွင့် ပေးမချင်း တွေ့ဆုံဆွေးနွေးရေး မလုပ်ဘူးလို့ ကာတာ နိုင်ငံခြားရေးဝန်ကြီး ရှိတ် မိုဟာမက် ဘင် အဗ္ဗဒူရာမန် အယ်သန်နီ က ပြောဆိုထားပါတယ်။

တူရကီနိုင်ငံကလည်း သူတို့ ကာတာမှာ ထားရှိတဲ့ စစ်စခန်းကို ပိတ်မပေးနိုင်ဘူးလို့ ပြောဆိုထားပါတယ်။

လောလောဆယ်မှာတော့ အိမ်နီးချင်းနိုင်ငံရဲ့ ပိတ်ဆို့မှုတွေကြောင့် အခက်အခဲ ပေါင်းစုံ ဖြစ်နေတဲ့ ကာတာကို တူရကီနဲ့ အီရန်တို့က အစားအသောက်တွေ တန်ချိန် ထောင်နဲ့ ချီပြီး ပေးပို့ ကူညီနေပါတယ်။

ပင်လယ်ကွေ့နိုင်ငံတွေရဲ့ ကာတာနိုင်ငံကို တောင်းဆိုချက်တွေထဲမှာ မွတ်ဆလင် ညီအကိုတော်များ အဖွဲ့ကို အဆက်အသွယ်ဖြတ်ဖို့၊ ကာတာကိုရောက်နေတဲ့ ဆော်ဒီ၊ ယူအေအီး၊ အီဂျစ်နဲ့ ဘာရိန်းက နိုင်ငံသားတွေကို ကာတာနိုင်ငံသား ဖြစ်ခွင့်မပေးဖို့နဲ့ အကြမ်းဖက်မှုနဲ့ အလိုရှိနေသူတွေကို ပြန်ပို့ဖို့၊ အမေရိကန်က အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့ အဖွဲ့တွေကို မထောက်ပံ့ဖို့၊ ကာတာက ထောက်ပံ့နေတဲ့ အိမ်နီးချင်းနိုင်ငံတွေက အတိုက်အခံ ခေါင်းဆောင်တွေရဲ့ စာရင်းပေးဖို့၊ ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက်ရေး ကောင်စီနဲ့ တသားတည်း လုပ်ဆောင်ဖို့၊ အယ်ဂျာဇီးယားသာမက အာရပ်၂၁ သတင်းဋ္ဌာနနဲ့ အရှေ့အလယ်ပိုင်းစက္ခု သတင်းဋ္ဌာနတွေကို မထောက်ပံ့ဖို့နဲ့ ကာတာက အိမ်နီးချင်းတွေကို လျော်ကြေးပေးဖို့ တောင်းဆိုချက်တွေလည်း ပါဝင်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ကာတာကို ပင်လယ်ကွေ့နိုင်ငံတွေက တောင်းဆိုချက်စည်းကမ်းတွေထုတ် ကာတာကို ပင်လယ်ကွေ့နိုင်ငံတွေက တောင်းဆိုချက်စည်းကမ်းတွေထုတ် Reviewed by THITHTOOLWIN on 22:54 Rating: 5
Powered by Blogger.