မိန်းကလေးငယ်တစ်ဦးအား တရုတ်အမျိုးသားထံ ရောင်းစားခဲ့သူတို့အား လူကုန်ကူးမှုဖြင့် အမှုဖွင့်


ရန်ကုန်တိုင်းဒေသကြီး၊ သံလျင်မြို့နယ် လူကုန်ကူးမှုစောင့်ကြည့်ရေးအဖွဲ့ဝင်တစ်ဦးမှ သတင်း ပေးချက်အရ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ရန်ကုန်)မှ ဖော်ထုတ်ခဲ့ရာ မိန်းကလေးငယ် တစ်ဦးအား တရုတ်အမျိုးသားများထံရောင်းစားခဲ့ကြောင်း ပေါ်ပေါက်သဖြင့် ကျူးလွန်သူများအား သံလျင်မြို့မရဲစခန်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေဖြင့် အရေးယူခဲ့သည်။

ဖြစ်စဉ်မှာရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်နေ မ-----သည် ၂၀၁၄ ခုနှစ်၊ (၄)လပိုင်း တွင် ယောက္ခမနေအိမ်သို့သွားရောက်ပြီး သမီးဖြစ်သူနှင့်တွေ့ဆုံရာမှ ယောက္ခမအိမ်နှင့် ကပ်လျှက်တွင် နေထိုင်သူ ဒေါ်ရွက်(၆၀)နှစ်ခန့်နှင့် ၎င်း၏သမီး မနိုင်(၄၀)နှစ်ခန့်တို့မှ သူမအား တရုတ်နိုင်ငံရှိ စားသောက်ဆိုင်တွင် အလုပ်လုပ်ပါက တစ်လလျှင် စရိတ်ငြိမ်း(၃)သိန်းကျပ် ရမည်ဖြစ်ကြောင်း၊ လမ်းစရိတ်စိုက်ပြီး ပို့ပေးမည်ဖြစ်ကြောင်း၊ လမ်းစရိတ်အားအလုပ်လုပ်ပြီးမှ ပေးဆပ် ရမည်ဟုပြောဆို စည်းရုံးသဖြင့် လုပ်ကိုင်ရန်သဘောတူခဲ့ကြောင်း၊ ထို့နောက် ဒေါ်ရွက်၊ မနိုင် တို့နှင့်အတူ မူဆယ်သို့ ထွက်ခွာခဲ့ကြောင်း၊ ဒေါ်ရွက်မှ လမ်းခရီးတွင် စစ်ဆေးခံရပါကသူမ၏ သမီးဖြစ်သည်ဟု လိမ်လည်ပြောဆိုရန်သင်ပေးကြောင်း၊ ဒေါ်ရွက်နှင့် မနိုင်တို့သည် တရားဝင်ဂိတ်မှ ဝင်ရောက်၍ မ-------အား ခိုးပေါက်မှ ဝင်ခိုင်းခဲ့ပြီး ကြယ်ခေါင်မြို့ရှိ အမည်မသိတည်းခိုခန်းတွင် တည်းခိုစေခဲ့ကြောင်း၊ ညနေပိုင်းတွင် အမည်မသိတရုတ်လင်မယား(၂)ဦးရောက်ရှိလာကြောင်း၊ ဒေါ်ရွက်နှင့် မနိုင် တို့မှ မ------အား“နင်အလုပ်ရပြီ၊ သူတို့နှင့် ခဏစောင့်နေခဲ့၊ ဈေးဝယ်ရန်ရှိ၍ သွားမည်”ဟုပြောဆိုပြီး ထွက်သွားကြောင်း၊ တရုတ်လင်မယားမှ မ------၏လက်ကိုင်ဖုန်းအား သိမ်းဆည်းခဲ့ကြောင်း၊ တရုတ်လင်မယားအားသူမ၏ အလုပ်ရှင်ထင်၍ ကားဖြင့်လိုက်သွား ခဲ့ကြောင်း၊ အမည်မသိ မြို့တစ်မြို့သို့ရောက်ရှိစဉ် သူမအားရောင်းစားမည်ဟု သံသယဖြစ်သော ကြောင့် ထွက်ပြေးခဲ့၍ တရုတ်လင်မယားမှ ဒုတ်ဖြင့်ရိုက်သဖြင့် ညာဘက်လက် မောင်းကျိုး ခဲ့ကြောင်း၊ သူမအားဆေးကုသ ပေးခြင်းမရှိဘဲ ထပ်မံခေါ်ဆောင်သွားကာ ခေးနန်ပြည်နယ်၊ တူမာဒရန် ဖုန်းရှောက်ရှာမြို့တွင် နေထိုင်သူတရုတ်အမျိုးသား ဖုရုန်းရှူးနှင့် အဓမ္မလက်ထပ် စေခဲ့ကြောင်း၊ ဖုရုန်းရှူး၏နေအိမ်တွင် ညီဖြစ်သူဖုယောင်ဖန်း၊ ဖခင် ဖုခက်ရုံး၊ မိခင် လီယောင် ဟွန်းတို့နှင့်အတူ (၃)ရက်ခန့် နေခဲ့ရပြီး ဝက်မွေးမြူရေးစက်ရုံသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း၊ သူမအားစက်ရုံတွင် အဓမ္မလုပ်ကိုင် စေခဲ့ကြောင်း၊ သူမကြောင့် ဝက်သေခဲ့၍ စက်ရုံဝန်ထမ်းတို့၏ ရိုက်နှက်ခြင်းခံခဲ့ရကြောင်း၊ သူမ၏ခင်ပွန်းနှင့်(၂)နှစ်ကျော် ပေါင်းသင်းခဲ့သော်လည်း ကလေးမရရှိ သောကြောင့် ခင်ပွန်း၏ ဖခင်ဖြစ်သူမှ ၎င်းနှင့်ကလေးရလိုကြောင်းပြောပြီး သူမအား ကာမစပ်ယှက် ပေါင်းသင်းခဲ့ကြောင်း၊ သူမသည် ဖုရုန်းရှူးတို့မိသားစုနှင့် အတူမနေလိုသောကြောင့် ၂၃-၃-၂၀၁၇ ရက်တွင် ထွက်ပြေးခဲ့ပြီး ကားတစ်စီးကိုတားကာ အကူအညီတောင်းခံခဲ့ကြောင်း၊ ကားဆရာ တရုတ်အမျိုးသားမှ တုန်ရန်း ရဲစခန်းသို့ ပို့ပေးခဲ့ကြောင်း၊ ရဲစခန်းမှ သူမ၏ခင်ပွန်းတရုတ် အမျိုးသား ဖုရုန်ရှူး၏ မိသားစုကို ခေါ်ယူစစ်ဆေးခဲ့ကြောင်း၊ သူမအား မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ဆက်သွယ်ထားစဉ် ကာလအတွင်း တုန်ယန်းမြို့ရှိ ယာယီထောင်တွင် နေခဲ့ရကြောင်း၊ ထောင်တွင်နေထိုင်စဉ် ကိုယ်ဝန်(၃)လကျော်ရှိ နေသည်ကို သိရှိရကြောင်း၊ ထောင်ဝန်ထမ်း အမျိုးသမီးမှ ကိုယ်ဝန်ဖျက်ချနိုင်ရန် သူမအားဆေးရုံသို့ ပို့ပေးပြီး ကိုယ်ဝန်အားဖျက်ချ ပေးခဲ့ကြောင်း၊ ထောင်တွင် (၂)လခန့် နေရပြီး ၂၀၁၇ခုနှစ်၊ (၅)လပိုင်း တွင် တရုတ်ရဲ မှ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မူဆယ်)သို့ လွှဲပြောင်းပေးခဲ့ကြောင်း၊၇-၆-၂၀၁၇ ရက်နေ့ တွင် နေအိမ်သို့ပြန်လည် ရောက်ရှိခဲ့ကြောင်းမေးမြန်းသိရှိရပါသည်။

စစ်ဆေးပေါ်ပေါက်ချက်များအရ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နေ မ------အား တရုတ်နိုင်ငံစားသောက်ဆိုင်တွင် တစ်လ(၃)သိန်းရမည်ဟု လိမ်လည်စည်းရုံးခေါ်ဆောင်ပြီး တရုတ်အမျိုးသားထံ ရောင်းစားခဲ့သည့် ဒေါ်ရွက်နှင့် မနိုင် တို့(၂)ဦးအား သံလျင်မြို့မရဲစခန်း (ပ)၁၈၉၇/၂၀၁၇၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ-၂၄/၃၂ ဖြင့် အရေးယူအမှုဖွင့်ခဲ့ ကြောင်းသိရှိရသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
မိန်းကလေးငယ်တစ်ဦးအား တရုတ်အမျိုးသားထံ ရောင်းစားခဲ့သူတို့အား လူကုန်ကူးမှုဖြင့် အမှုဖွင့်  မိန်းကလေးငယ်တစ်ဦးအား တရုတ်အမျိုးသားထံ ရောင်းစားခဲ့သူတို့အား လူကုန်ကူးမှုဖြင့် အမှုဖွင့် Reviewed by THITHTOOLWIN on 20:50 Rating: 5
Powered by Blogger.