ဦးကိုနီအမှု တရားခံပြေး မမိသေးလို့ လူသတ်မှုကို ဆက်စစ်မည်

တရားလွှတ်တော်ရှေ့နေ ဦးနေလ ကို ဇွန်လ ၂၃ ရက်နေ့က ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ တွေ့ရစဉ်။ Photo: Kyaw Zaw Win/RFA
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရတဲ့ အမှုမှာ ပါဝင်တဲ့  တရားခံပြေး အောင်ဝင်းခိုင်ကို လတ်တလော ဖမ်းဆီးရမိခြင်း မရှိသေးတဲ့အတွက် နောက်ရုံးချိန်းတွေမှာ တရားခံပြေးအမှုကို ဆက်မစစ်ဘဲ လူသတ်မှုကိုစစ်ဆေး ဖို့  ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။

တရားခံပြေးအမှုနဲ့ပက်သက်ပြီး တရားရုံးမှာ တင်ပြတဲ့သက်သေ စစ်ဆေးချက်တွေအရ လတ်တလော ဖမ်းဆီးရ မိခြင်းမရှိဘူးလို့ တရားရုံးက သတ်မှတ်လိုက်တာဖြစ်တယ်လို့ တရားလိုရှေ့နေဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးနေလ က ပြောပြပါတယ်။

တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ ကြည်လင်းနဲ့ ဇေယျာ ဖြိုး၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားတာဖြစ်ပါတယ်။

သူတို့ကို လူသတ်မှု ဥပဒေပုဒ်မ ၃ဝ၂၊ အားပေးကူညီမှု ပုဒ်မ ၃၄၊ ပြစ်မှုကျူးလွန်သူကို ကူညီမှု ဥပဒေပုဒ်မ ၂၁၂ တို့နဲ့ တရားစွဲထားတာဖြစ်ပါတယ်။လက်ရှိအချိန်မှာ တရားခံပြေး အောင်ဝင်းခိုင် အမှုကိစ္စကို စစ်ဆေးနေတာဖြစ်တဲ့ အတွက် သူတို့ကို စစ်ဆေးမေးမြန်းတာ မပြုလုပ်သေးပါဘူး။

ဒါပေမယ့် ဒီကနေ့ တရားရုံးက တရားခံပြေး အောင်ဝင်းခိုင်ကို လတ်တလော ဖမ်းဆီးရမိခြင်း မရှိသေးတဲ့တွက် လူသတ်မှုကို ဆက်လက်စစ်ဆေးဖို့ အမိန့်ချမှတ်လိုက်တဲ့အတွက် နောက်ရုံးချိန်းတွေမှာ အခုဖမ်းဆီးထားတဲ့ တရား ခံလေးဦးကို ဆက်လက် စစ်ဆေးတော့မှာ ဖြစ်ပါတယ်။

အမှုနဲ့ ပက်သက်ပြီး သက်သေ အယောက် ၈ဝ ကျော်ကို စစ်ဆေးဖို့ ကျန်ရှိနေသေးတာ ဖြစ်ပြီး နောက်ထပ်ရုံးချိန်း ကိုတော့ လာမယ့် ဇွန်လ ၃ဝ ရက်နေ့မှာ ချိန်းဆိုထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဦးကိုနီအမှု တရားခံပြေး မမိသေးလို့ လူသတ်မှုကို ဆက်စစ်မည် ဦးကိုနီအမှု တရားခံပြေး မမိသေးလို့ လူသတ်မှုကို ဆက်စစ်မည် Reviewed by THITHTOOLWIN on 17:00 Rating: 5
Powered by Blogger.