ယီမင် နိုင်ငံ တွင် ကာလဝမ်းရောဂါ ကြောင့် သေဆုံးသူပေါင်း ၁,၄၀၀ ခန့် အထိ ရောက်ရှိလာခဲ့

ယီမင် နိုင်ငံ မြို့တော် Sana'a ၏ လမ်းများပေါ်ရှိ အမှိုက်များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)
    ကိုင်ရို ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

    ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် က ဇွန်လ ၂၇ ရက်နေ့၌ ထုတ်ပြန်ကြေညာ ခဲ့သည့် စာရင်းအရ ပြီးခဲ့သည့် နှစ်လသာ ကာလ အတွင်း ယီမင် နိုင်ငံ ၌ ကာလဝမ်းရောဂါကြောင့် သေဆုံးသူပေါင်း ၁,၄၀၀ ခန့်အထိ ရောက်ရှိလာခဲ့ပြီး ရောဂါကူးစက် ခံရသည်ဟု သံသယ ရှိသူ လူနာပေါင်း ၂၁၈,၀၀၀ အထိ မြှင့်တက်လာခဲ့ကြောင်း သိရှိရသည်။

ကမ္ဘာ့ကျန်းမားရေး အဖွဲ့ချုပ် ညွှန်ကြားရေးမှူး Margaret Chan နှင့် ကုလသမဂ္ဂ ကလေးသူငယ် ရန်ပုံငွေ အဖွဲ့ အလုပ်အမှုဆောင် ဒါရိုက်တာ Anthony Lake တို့က ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် ဝက်ဆိုက်ဘ် တွင် ထုတ်ပြန်ခဲ့သည့် အဆိုပါပူးတွဲ ကြေညာချက်တွင် ယီမင် နိုင်ငံ ၌ ကာလဝမ်းရောဂါ ကူးစက် ခံရသည် ဟု သံသယ ရှိသူသည် နေ့စဉ် ပျမ်းမျှ ၅၀၀၀ ဦးခန့် တိုးမြင့်လာကြောင်း ၊ ယီမင်အနေဖြင့် ကမ္ဘာ့ပေါ်တွင် အဆိုးရွားဆုံးသော ကာလဝမ်းရောဂါ ပျံ့နှံ့မှု ကို ကြုံတွေ့နေရကြောင်း ပါဝင် ခဲ့သည်။

ကမ္ဘာ့ကျန်းမားရေး အဖွဲ့ချုပ် ၏ စာရင်းပြုစုချက်အရ ယီမင် နိုင်ငံ တွင် ယခု နှစ် ဧပြီလ မှ စတင်ခဲ့သည့် ကာလဝမ်းရောဂါ လျင်မြန်စွာပျံ့နှံ့မှုသည် အများစုအားဖြင့် ယီမင် နိုင်ငံ မြို့တော် နှင့် Houthis လက်နက်ကိုင် တပ်ဖွဲ့ မှ ထိန်းချုပ်ထားသည့် ယီမင် နိုင်ငံ မြောက်ပိုင်းဒေသများတွင် ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် လူပေါင်း အနည်းဆုံး ၇.၆ သန်းသည် ရောဂါဖြစ်ပွားရာ နေရာ တွင် နေထိုင်နေကြပြီး ထိုအတွင်း မှ ၃ သန်းခန့်သည် နေအိမ်ကို စွန့်ခွာခဲ့ကြသူများ ဖြစ်ကြကြောင်း ၊ ထိုသူများအနေဖြင့် ကာလရှည်ကြာစွာ အာဟာရ ချို့တဲ့မှု ကြောင့် ရောဂါပိုး ကူးစက်ခံရလွယ်သူများ ဖြစ်စေခဲ့ကြောင်း ၊ ထို့ပြင် Houthis လက်နက်ကိုင် တပ်ဖွဲ့ မှ ထိန်းချုပ်ထားသည့် ဒေသများတွင် စီးပွားရေး အဆင်မပြေမှုများကြောင့် ထိုဒေသရှိ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းပေါင်း ၃ သောင်းခန့်သည် အချိန် ၁၀ လ ခန့် လစာ ရရှိခြင်း မရှိခဲ့ကြောင်း သိရှိရသည်။

ကာလဝမ်းရောဂါ ဆိုသည် မှာ ကာလဝမ်းရောဂါ ပိုးကြောင့် ဖြစ်ပွားသည့် အူလမ်းကြောင်း ရောဂါကူးစက်မှု ဖြစ်ပြီး ရောဂါ ဝေဒနာ ခံစားရသူများအနေဖြင့်  မကြာခဏ အံခြင်း ၊ ဝမ်းပျက်ခြင်း ၊ ရေဓာတ်လျော့နည်းခြင်း နှင့် ကိုယ်ပူချိန်တက်ခြင်းသို့ ဖြစ်ပွား စေကာ အခြေအနေ ဆိုးရွားပါက အချိန်မီ မကုသ နိုင်လျင် အသက်ဆုံးရှုံးစေနိုင်သော ရောဂါ ဖြစ်သည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလ ၌ ယီမင် Houthis လက်နက်ကိုင် တပ်ဖွဲ့ သည် ယီမင် နိုင်ငံ မြို့တော် Sana'a ကို သိမ်းပိုက် ခဲ့ပြီးနောက် ယီမင် နိုင်ငံ တောင်ပိုင်း ဒေသများကို သိမ်းပိုက်ခဲ့သဖြင့် ယီမင် နိုင်ငံ သမ္မတ မှာ ဆော်ဒီအာရေဗျ နိုင်ငံ သို့ ရှောင်တိမ်း ခဲ့ရသည်။၂၀၁၅ ခုနှစ် မတ်လ ပိုင်းတွင် ဆော်ဒီအာရေဗျ နိုင်ငံ  ဦးဆောင်သည် မဟာမိတ် ညွှန့်ပေါင်း တပ်ဖွဲ့သည် Houthis လက်နက်ကိုင် တပ်ဖွဲ့ အား တိုက်ခိုက်သည့် စစ်ဆင်ရေး စတင်ခဲ့ပြီး လက်ရှိချိန်ထိ စစ်ပွဲ ပြီးဆုံး နိုင်သည့် အရိပ်အရောင် ကို မတွေ့ရှိရကြောင်း သိရှိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ယီမင် နိုင်ငံ တွင် ကာလဝမ်းရောဂါ ကြောင့် သေဆုံးသူပေါင်း ၁,၄၀၀ ခန့် အထိ ရောက်ရှိလာခဲ့ ယီမင် နိုင်ငံ တွင် ကာလဝမ်းရောဂါ ကြောင့် သေဆုံးသူပေါင်း ၁,၄၀၀ ခန့် အထိ ရောက်ရှိလာခဲ့ Reviewed by THITHTOOLWIN on 15:41 Rating: 5
Powered by Blogger.