တရားမဝင်ဝယ်ယူသည့် ဈေးကွက် မြင့်မားလာသဖြင့် မျိုးသုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော မြန်မာ့လိပ်


မြန်မာ့လိပ်များသည် သဘာဝပတ်ဝန်းကျင်ကို တိုက်ရိုက်အကျိုးပြုနေသည့် သတ္တဝါများဖြစ်ကြ သော်လည်း ပြည်ပနိုင်ငံများမှတရားမဝင်ဝယ်ယူသည့်ဈေးကွက် မြင့်မားလာသဖြင့် မျိုးသုဉ်း ပျောက်ကွယ်လုနီးပါးအန္တရာယ်နှင့်ရင်ဆိုင်တွေ့ကြုံနေရသည်။

ကမ္ဘာမြေကြီးကို တစ်ဖက်တစ်လမ်းမှအကျိုးပြုနေသည့်လိပ်များသည် လွန်ခဲ့သည့်နှစ်သန်း ၂ဝဝ လောက်ကတည်းက ကမ္ဘာပေါ်၌ ပေါက်ပွားလာသည့် တွားသွားသတ္တဝါများဖြစ်ပြီး လိပ် များတွင် ကြေညက်အောင်ဝါးနိုင်သည့် သွားမရှိသဖြင့် ၄င်းတို့စားသောက်ပြီး စွန့်ပစ်သည့် မစင်မှ တစ်ဆင့်အပင်များပြန်ပေါက်သည်။ ရေလိပ်များအနေဖြင့် မြစ်ချောင်းထဲရှိ ပိုးမွှားများ၊ ရေထုကို ညစ်ညမ်းစေသည့်အမှိုက်နှင့် ရေညှိများကို စားသောက်ခြင်းဖြင့် ရေကိုသန့်စင်ပေးပြီး ၄င်းတို့စွန့်လိုက်သော မစင်များကိုငါးများက စားသည့်အတွက် ငါးများကိုလည်း အစာကွင်း ဆက်ဖန်တီးပေးနိုင်သည်။

ကမ္ဘာပေါ်၌ လိပ်မျိုးပေါင်း ၄ဝဝ ကျော်ရှိပြီး မြန်မာနိုင်ငံ၌ ၂၆ မျိုးရှိကာ ယင်း၂၆ မျိုးထဲမှ ရှစ်မျိုးသည် မြန်မာတစ်နိုင်ငံတည်း၌သာရှိကြောင်း၊ မြန်မာနိုင်ငံ၌ရှိသည့် ၂၆ မျိုးထဲမှ ၁၂ မျိုးမှာ မျိုးသုဉ်းလုနီးပါး အန္တရာယ်နှင့်ရင်ဆိုင်နေကြရကြောင်း လိပ်မျိုးဆက်ရှင်သန်ရေး ပရောဂျက်မန်နေဂျာ ကိုကျော်သူဇော်ဝင်းထံမှ သိရသည်။ မြန်မာတစ်နိုင်ငံတည်း၌သာရှိသည့် ရှားပါးလိပ် ရှစ်မျိုးအနက် ကြယ်လိပ်သည်စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးစသည့် အပူပိုင်းဒေသတို့၌သာရှိပြီး တရားမဝင်ရောင်း ဝယ်ဖောက်ကား မှုများရှိနေ၍ မှောင်ခိုဈေးကွက်၌ ဈေးနှုန်းမြင့်မားလျက်ရှိသည်။

ကြယ်လိပ်များကို စားသုံးရန်ဖမ်းဆီးကြပြီးကာလရှည်ကြာစွာ အလွန်အမင်းဖမ်းဆီးကြခြင်းသာမက သစ်တောများကိုပါ ခုတ်ထွင်ရှင်းလင်း၍ စိုက်ပျိုးမြေအဖြစ်ပြောင်းလဲမှုများကြောင့် အပူပိုင်းဒေသရှိ မြန်မာ့ကြယ်လိပ်များ မျိုးသုဉ်းပျောက်ကွယ်လုနီး ပါးဖြစ်နေ ရသည်။

၁၉၉ဝ ပြည့်နှစ်အစောပိုင်းကာလကလိပ်များကို ဒေသတွင်းစားသုံးရန် ဖမ်းဆီးမှုအခြေအနေမှအသွင်ပြောင်းကာ တရုတ်နိုင်ငံရှိ တောရိုင်းတိရစ္ဆာန်ရောင်းဝယ်သည့် ဈေးကွက်မှ ဝယ်လိုအား များလာပြီးနောက်မကြာမီ ကမ္ဘာတစ်ဝန်း၌လည်း အိမ်မွေးတိရစ္ဆာန်အဖြစ် ဝယ်လိုအား များလာသောကြောင့် တောတွင်းနေကြယ်လိပ်အရေအတွက်များ ကျဆင်းလာခဲ့သည်။

''လိပ်တွေမျိုးသုဉ်းနေတဲ့ အဓိကအကြောင်းရင်းက တစ်ဖက်နိုင်ငံသို့ တရားမဝင် တင်ပို့ ရောင်း ချ မှုကြောင့်ပါ။ ဒေသခံတွေကလည်း လိပ်ဆိုရင် စားစရာလို့ပဲမြင်နေကြတယ်။ လိပ်တစ် ကောင်ဆိုရင်အစားခံရဖို့ နှစ်တွေအများကြီးလိုတယ်။လူတွေစားတာတော့ အရမ်းမြန်တယ်။အဲ ဒီတော့ လိပ်ကို ဖမ်းဆီးစားသုံးတာနှစ်ရှည်လများကြာလာတော့ မျိုးသုဉ်းဖို့အန္တရာယ်နဲ့ ရင် ဆိုင်ရတာပေါ့'' ဟု သားငှက်ထိန်းသိမ်းရေး(မြန်မာအစီအစဉ်) လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့မှ ဒေါက်တာကလျာကပြောသည်။

ထိုသို့ လိပ်များမျိုးသုဉ်းလာသည့်အတွက်သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်လာပြီး ပင်လယ်ကမ်းရိုးတန်းနှင့် မြစ်ချောင်းတစ်လျှောက်၌ ဒီရေတောများနှင့် သစ်ပင်ကြီးများလျော့နည်းလာပြီး ရေကြီးရေလျှံသည့်ဒဏ်များကိုလည်း ခံစားရတတ်သည်ဟု ပညာရှင် များကပြောသည်။

မြန်မာနိုင်ငံ၌ရှိသည့် ရေချိုလိပ်နှင့်ကုန်းလိပ် ၂၆ မျိုးထဲမှ ၁၂ မျိုးမှာ လူများ၏ဖမ်းဆီးသတ်ဖြတ်မှုနှင့် တရားမဝင်ရောင်းဝယ်ဖောက်ကားမှုများကြောင့် မျိုးသုဉ်းမှုအန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ ရှားပါး လိပ်များတင်ပို့နေမှုကိုနယ်စပ် လမ်းကြောင်းဂိတ်စခန်းခုနစ်ခုမှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

၂ဝ၁၆ ခုနှစ် နိုဝင်ဘာလအတွင်း တာချီလိတ်မြို့၌ တစ်ဖက်နိုင်ငံသို့တင်ပို့မည့် လိပ်ကြက်တူရွေး အကောင် ရေ ၈ဝဝ ကျော် ဖမ်းမိခဲ့ပြီး အဆိုပါဖမ်းမိသောလိပ်များထဲမှအကောင်ရေ ၇ဝဝ ကျော်ကို နောင်ချိုဘန့်ဘွေးလိပ်ထိန်းသိမ်းရေးစခန်း၌ မွေးမြူထားရာ ၉၃ ကောင်သာ ရှင်သန်ခဲ့သည့်အတွက် ယင်းလိပ်များကို မျိုးပွားရန်ပြန်လည်လုပ်ဆောင်မည်ဟု ဘန့်ဘွေးလိပ်ထိန်းသိမ်းရေး စခန်းမှ သုတေသနလက်ထောက် ကိုနေဝင်းကျော်ကပြောသည်။

လိပ်များကို ကာကွယ်ထိန်းသိမ်းရေးမလုပ်ဘဲ လွှတ်ထားပါက တစ်ချိန်တွင် လုံးဝပျောက်ကွယ်နိုင်သည့်အတွက် လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့အနေဖြင့် လိပ်များကိုမဖမ်းကြရန်နှင့် တရားမဝင်ရောင်းဝယ်ဖောက်ကားမှု မပြုလုပ်ကြရန် တိုက်တွန်းထားသည်။ လိပ်အရောင်းအဝယ်ပြုလုပ်သည့်ဒိုင်များအနေဖြင့် ဒေသခံများထံမှကြယ်လိပ်တစ်ကောင်လျှင် ငွေကျပ်နှစ်သိန်းဖြင့် ဝယ်ယူကြပြီး ပြည်ပသို့ ငွေကျပ်ငါးသိန်းဖြင့် ပြန်လည်ရောင်းချကြသော်လည်း နိုင်ငံတကာဈေးကွက်၌ ကြယ်လိပ်တစ်ကောင်လျှင် အမေရိကန်ဒေါ် လာ ၁ဝဝဝ မှ၁၅ဝဝ အထိ ရသည့်အတွက် ဈေးအဆမတန်ကွာခြားကြောင်း၊ မြန်မာနိုင်ငံမှကြယ်လိပ်ရောင်းလိုက်သည့် ဒေသခံများနှင့် ဒိုင်များမှရှိသည့်ငွေကြေးသည် အနည်းငယ်သာဖြစ်ပြီး ပြည်ပမှ တစ်ဆင့်ခံပြန်ရောင်းချသူများသာ အကျိုးအမြတ်များရ ရှိကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံတည်း၌သာရှိသည့်မြန်မာ့ကြယ်လိပ်များနှင့် မြန်မာ့တိုက်လိပ်များကို ပြန်လည်ရှင်သန်ရန် ၂ဝ၁၆ ခုနှစ်စီမံကိန်းတွင် ဆောင်ရွက်ရာ အောင်မြင်မှုရရှိလာပြီး အကောင်ရေ ထောင်နှင့်ချီကာသဘာဝနေရင်းဒေသများဆီသို့ ပြန်လည် လွှတ်ပေးနိုင် ခဲ့ပြီးဖြစ်သည်။

၂ဝ၁၇ ခုနှစ်စီမံကိန်းတွင် မျိုးသုဉ်းမည့်အန္တရာယ်နှင့်ရင်ဆိုင်နေရသည့် ရခိုင်တောင်လိပ်ကို ပြန်လည်ရှင်သန်စေရန်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဒေါက်တာ ကလျာကပြောသည်။

အဆိုပါ ရခိုင်တောင်လိပ်သည် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံရှိ ရခိုင်ရိုးမတစ်လျှောက်၌သာရှိတတ်ကြောင်း၊ ရခိုင်တောင်လိပ်များသည် ဒုတိယကမ္ဘာစစ်မတိုင်မီကတည်းက မျိုးသုဉ်းနေသည်ဟု သတ်မှတ်ထားကာ ရခိုင်တောင်လိပ်များကိုပြန်လည်ရှာဖွေပြီး ခြံခတ်ေ မွးမြူထား ကြောင်း သိရသည်။

ရခိုင်တောင်လိပ်မျိုးဆက် ရှားပါးလာရခြင်းသည် တရားမဝင်နည်းလမ်းများဖြင့် သားငှက် တိရစ္ဆာန်များကို ဖမ်းဆီးရောင်းဝယ်ခြင်း၊ သစ်တောပြုန်းတီးခြင်းနှင့် စိုက်ပျိုးမြေများ တိုးချဲ့လုပ် ဆောင်ခြင်းတို့ကြောင့်ဖြစ်သည်။

လက်ရှိတွင် မျိုးသုဉ်းလုနီးပါးအန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ရခိုင်တောင်လိပ်များကို သားငှက်ထိန်းသိမ်းရေးအဖွဲ့(မြန်မာအစီအစဉ်) လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့က ခြံလှောင်မွေးမြူခြင်းနှင့် သားဖောက်ခြင်းလုပ်ငန်းများကိုလုပ်ဆောင်ပြီး ယင်းလိပ်များ ကျင် လည်ကျက် စားရာနေရာဒေသအတွင်းခြံခတ်မွေးမြူထားသည်။

သို့ဖြစ်ပါ၍ လုံးဝကာကွယ်ထားသည့်လိပ်မျိုးစိတ်များကို ရောင်းဝယ်ဖောက်ကားပါက ထောင်ဒဏ်ခုနစ်နှစ်နှင့် ဒဏ်ကြေးငွေကျပ်ငါးသောင်း ပြစ်ဒဏ်ကျခံနိုင်သကဲ့သို့သာမန်လိပ် မျိုးစိတ်များအတွက် ထောင်ဒဏ်ငါးနှစ်နှင့် ဒဏ်ကြေးငွေ ကျပ်သုံးသောင်းနှစ်ရပ်စလုံး ကျခံနိုင်သည်။

ကမ္ဘာပေါ်၌လည်း ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရှားပါးသည့် လိပ်ရောင်းဝယ်မှုကို နိုင်ငံတကာ ကုန်သွယ်မှုဥပဒေနှင့် ကန့်သတ်ထားကြောင်း သိရသည်။

ယခုအခါ လိပ်များကို အလှမွေးရန်၊ချက်ပြုတ်စားသောက်ရန်နှင့် တရားမဝင်တင်ပို့ရောင်းချရန် ဖမ်းဆီးနေကြသဖြင့်မျိုးသုဉ်းလုနီးပါးအခြေအနေသို့ ရောက်ရှိနေသောကြောင့် သစ်တောဦး စီးဌာနနှင့်သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာအစီအစဉ်)လိပ်မျိုးဆက် ရှင်သန်ရေးအဖွဲ့တို့ပူး ပေါင်း၍ လိပ်များမျိုးသုဉ်းမည့်အန္တရာယ်မှ ပပျောက်စေရေး ကာကွယ်ထိန်းသိမ်းခြင်း လုပ်ငန်း များ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း ရေးသားလိုက်ရပါသည်။ ။

ဆုလာဘ်
မြ၀တီ
https://www.facebook.com/mwdmedia/
တရားမဝင်ဝယ်ယူသည့် ဈေးကွက် မြင့်မားလာသဖြင့် မျိုးသုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော မြန်မာ့လိပ် တရားမဝင်ဝယ်ယူသည့် ဈေးကွက် မြင့်မားလာသဖြင့် မျိုးသုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော မြန်မာ့လိပ် Reviewed by THITHTOOLWIN on 23:35 Rating: 5
Powered by Blogger.