တနိုင်းဒေသခံ ၈၀၀ ကျော် မြို့ပေါ်ကယ်ဆယ်ရေးစခန်း ၄ ခုမှာ ခိုလှုံ

( တနိုင်းမြို့ပေါ် ထွက်ပြေးခိုလှုံနေသူတွေကို တွေ့ရစဉ် ) Photo: Doi Bu/ Facebook
တပ်မတော်နဲ့ ကေအိုင်အေတို့ စစ်ရေးတင်းမာနေကြတဲ့ ကချင်ပြည်နယ် တနိုင်းမြို့နယ် ရွှေနဲ့ ပယင်းမှော်ဒေသကနေ ထွက်ပြေးလာတဲ့ ဒေသခံ ၈၀၀ ကျော်ဟာ တနိုင်းမြို့ပေါ်က ခရစ်ယာန်ကျောင်း လေးခုမှာ ခိုလှုံနေကြပါတယ်။

မှော်ထဲမှာလာရောက်အလုပ်လုပ်နေကြသူတွေဟာ နေရပ်ပြန်ကုန်ကြပြီး လက်ရှိမှာ ဒေသခံဒုက္ခသည် ရှစ်ရာကျော်ကို စောင့်ရှောက်ပေးထားရတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC သင်းအုပ်ဆရာ ဦးဂျယ်ဒီးက ပြောပါ တယ်။

"ကယ်ဆယ်ရေးစခန်း ၄ နေရာပေါ့၊ ၈၇၄ ယောက်လောက်ရှိတယ်၊ လူတစ်ထောင်နီးပါးပဲ၊ ကျွန်တော် တို့ အသင်းတော်တိုင်းမှာ နေရာထိုင်ခင်းစီစဉ်ပေးပါတယ်၊ အခုအသင်းတော်တိုင်းမှာရှိတဲ့သူတွေက နမ်ခန်၊ ကွန်ခရာ၊ ဂါးခါး ကျေးရွာမှာအတည်တကျနေထိုင်တဲ့သူတွေပါ၊ မှော်သူမှော်သားတွေက အား လုံး မြစ်ကြီးနား၊ ရန်ကုန်၊ မန္တလေး ပြန်ကုန်ပြီ’’

ဒီနေ့မှာတော့ နေ့လည်ပိုင်းအချိန်အထိတိုက်ပွဲဖြစ်ပွားမှုမရှိဘဲ မနေ့ကမနက်ပိုင်းကတော့ မှော်တွေဆီသွားတဲ့ ၉ မိုင်တံတားအနီးမှာ တစ်နာရီ နီးပါးလောက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒုက္ခသည်တွေအတွက် ဆန်နဲ့ဆီ အဓိကလိုအပ်နေပြီး စားသောက်ကုန်နဲ့ စက်သုံးဆီဈေးတွေလည်း မြင့်တက်နေတယ်လို့ သင်းအုပ်ဆရာ ဦးဂျယ်ဒီးက ပြောပါတယ်။

ပယင်းမှော်အနီးတစ်ဝိုက်က ဒေသခံအများစုဟာ လယ်လုပ်ကြတာများပြီး အခုလိုစစ်ရေးတင်းမာ နေတာတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြရသလို လယ်လုပ်ငန်းတွေကိုလည်း ပစ်ထားခဲ့ကြရတယ်လို့ ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
တနိုင်းဒေသခံ ၈၀၀ ကျော် မြို့ပေါ်ကယ်ဆယ်ရေးစခန်း ၄ ခုမှာ ခိုလှုံ တနိုင်းဒေသခံ ၈၀၀ ကျော် မြို့ပေါ်ကယ်ဆယ်ရေးစခန်း ၄ ခုမှာ ခိုလှုံ Reviewed by THITHTOOLWIN on 19:20 Rating: 5
Powered by Blogger.