နမ့်ဆန်မြို့နယ်မှ စစ်ဘေးရှောင် ၃၀၀ နီးပါး လားရှိုးသို့ ရောက်ရှိ


ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်မြို့နယ် ၊ နမ့်လင်းကျေးရွာအုပ်စု ၊ မန်လန်းကျေးရွာနှင့် အနီးတစ်ဝိုက်တွင် တပ်မတော်နှင့် TNLA တို့ကြား တိုက်ပွဲများကြောင့် ဒေသခံ (၃၀၀)နီးပါး လားရှိုးမြို့သို့ ဇွန်လ (၂၇)ရက်နေ့ ညမှစ၍ တိမ်းရှောင်လာကြသဖြင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

“မနေ့ည(ဇွန်လ(၂၇)ရက်) ည(၈)နာရီလောက်မှာ ဥူးဇင်းတို့ အောင်မင်္ဂလာကျောင်းတိုက်ကို ရောက်လာတာက (၈၈)ဦး ရှိပါတယ်။ ရောက် ရောက်ချင်းတော့ ကျောင်းမှာရှိတာတွေနဲ့ပဲ စား၊ ဝတ်၊ နေ ရေး စီစဉ်ပေးထားပါတယ်။ ထပ်တိုးလာဦးမယ်လို့လည်း သတင်းရထားပါတယ်။ အဓိကလိုအပ်တာကတော့ စားနပ်ရိက္ခာ လိုအပ်မှုရှိပါတယ်”ဟု လားရှိုးမြို့ အမှတ်(၉)ရပ်ကွက်ရှိ အောင်မင်္ဂလာကျောင်းတိုက် ဆရာတော်က တာချီလိတ်သတင်းအေဂျင်စီသို့ မိန့်ကြားသည်။


နမ့်ဆန်မြို့နယ် နမ့်လင်းကျေးရွာအုပ်စုတွင် ဇွန်လ (၂၂ )ရက်နှင့် (၂၃)ရက်နေ့များတွင် တပ်မတော်နှင့် TNLA တို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် အနီးဝန်းကျင်ကျေးရွာများတွင် ဒေသခံများ ပိတ်မိနေသည်ဟု သတင်းများထွက်လာပြီးနောက် ဇွန်လ (၂၇)ရက်နေ့ ညပိုင်းတွင် အဆိုပါဒေသခံများ လားရှိုးသို့ ရောက်လာကြခြင်းဖြစ်ကြောင်း သိရသည်။

“သွားခေါ်လာတာ မဟုတ်ဘူး။ သူတို့အစီအစဉ်နဲ့ ကိုယ့်ဖာသာလာကြတာ။ ရွာတွေမှာ ဒီကိုလာချင်တဲ့သူတွေ ရှိသေးတယ်လို့သိရတယ်။ ထပ်လာကြမယ်လို့ ထင်တာပဲ။ ကျွန်မတို့လည်း ကူညီဖို့အတွက် အဆင်သင့် ပြင်ဆင်ပြီး စောင့်နေပေးပါတယ်”ဟု လားရှိုးမြို့ရှိ တအာင်းအမျိုးသမီး အဖွဲ့အစည်းမှ မလွေးပို့စေင်ကီက တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

စစ်ဘေးရှောင်များမှာ လားရှိုးမြို့ သာသနာ(၂၅၀၀)ကျောင်းတိုက်တွင် လူဦးရေ (၅၈)ဦး ၊ ခေးနင်း ကျေးရွာကျောင်းတိုက်တွင် လူဦးရေ (၁၄၁)ဦး နှင့် အောင်မင်္ဂလာကျောင်းတိုက်တွင် (၈၈)ဦး စုစုပေါင်း (၂၈၇) ဦးရှိနေကြောင်း လားရှိုးမြို့ ရွှေကြေးစည်လူမှုကူညီရေး အသင်း၏ အသင်းဥက္ကဌထံမှ သိရသည်။

သတင်း - နေဖြိုးမြင့်
ဓာတ်ပုံ - Mai Mai Mai
Tachileik News Agency
http://www.tachileik.net
နမ့်ဆန်မြို့နယ်မှ စစ်ဘေးရှောင် ၃၀၀ နီးပါး လားရှိုးသို့ ရောက်ရှိ နမ့်ဆန်မြို့နယ်မှ စစ်ဘေးရှောင် ၃၀၀ နီးပါး လားရှိုးသို့ ရောက်ရှိ Reviewed by THITHTOOLWIN on 16:38 Rating: 5
Powered by Blogger.