အစိုးရအနေဖြင့် တိုင်းပြည်ကိုချစ်တယ်ဆိုပြီး ချိုမိုင်မိုင် က နေပါက လက်ညောင်းရုံသာရှိမည်ဖြစ်ကြောင်း ဘိုကလေးအမတ်မှ လွှတ်တော်တွင်ဆွေးနွေး


မေလ ၂၅ ရက်၊ ၂၀၁၇ ခုနှစ်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအနေဖြင့် တိုင်းပြည်ကိုချစ်တယ်ဆိုပြီး ချိုမိုင်မိုင် က နေပါက လက်ညောင်းရုံသာ ရှိမည်ဖြစ်ကြောင်း မေလ ၂၅ ရက်နေ့က ကျင်းပသောတိုင်းဒေသကြီးလွှတ်တော်တွင် ဘိုကလေးမြို့နယ် အမှတ် ၁ ကိုယ်စားလှယ် ဦးအောင်ခင်ဗိုလ်က ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းစီးပွါးရေးလုပ်ငန်းရှင်များက လယ်ယာမြေများကို တရားမ၀င်ငါးကန်များ တူးဖော်နေသည့် ကိစ္စအားအစိုးရအနေဖြင့် အရေးယူဆောင်ရွက်နိုင်ခြင်း မရှိသည့်အခြေအနေဖြစ်နေသည့် အပေါ်ထိုကဲ့သို့ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

“အတိတ်ကာလက ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ကျွန်တော်တို့ တာဝန်ယူနေစဉ်ကာလမှာ ဥပဒေစိုးမိုးအောင် ဆောင်ရွက်ပါမယ်လို့ ပြည်သူလူထုကို အကြိမ်ကြိမ်ပန်ကြားခဲ့တဲ့အချက်ကို ကျွန်တော်တို့ မေ့လို့မရပါဘူး၊ အလေးအနက်ထားပြီးဆောင်ရွက်သွားရမှာဖြစ်ပါတယ်၊ ဥပဒေကို ကိုင်တွယ်ကျင့်သုံးနေတဲ့ သူတွေကဥပဒေကို လေးစားလိုက်နာမှသာ တိုင်ပြည်နဲ့လူမျိုးကို ချစ်ရာရောက်ပါမယ်၊ပြယုဂ်တစ်ခုအနေနဲ့ တိုင်းပြည်ကိုငါ့လောက် ချစ်တဲ့သူမရှိဘူးဆိုပြီး အသံကုန်ဟစ်ပြီးတော့ ချိုမိုင်မိုင် က ပြနေရင်လည်း လက်ညောင်းရုံသာရှိပါမယ်”ဟု ဘိုကလေးမြို့နယ် အမှတ် ၁ ကိုယ်စားလှယ် ဦးအောင်ခင်ဗိုလ်က ဆွေးနွေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအနေဖြင့် တာဝန်ယူခဲ့သည့် တစ်နှစ်ကျော်ကာလအတွင်း ၀န်ထမ်းများအပေါ် မေတ္တာတရားရှေ့ထားဆက်ဆံပေမယ့် ဌာနဆိုင်ရာဝန်ထမ်းများဘက်မှ ကျောခိုင်းနေကြသည့် အတွက် ၄င်းတို့အားတရားဥပဒေဆိုသည့် ချောက်ကမ်းပါးထဲ ပစ်ချလိုက်ရန်သာရှိတော့ကြောင်း တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးအတွင်း ၄င်းကတိုက်တွန်းပြောဆိုခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ၀ါးခယ်းမ၊ အိမ်မဲ၊ ပန်းတနော်၊ကျောင်းကုန်း၊ မအူပင်၊ ဓနုဖြူနှင့်ညောင်တုန်း စသည့်ဒေသများရှိ လယ်ယာမြေများအား လုပ်ငန်းရှင်များမှ ခွင့်ပြုချက်မရှိဘဲ ငါးကန်များတူးဖော် လုပ်ကိုင် နေခြင်းနှင့် ဌာနဆိုင်ရာများမှ မသိကျိုးကျွန်ပြု၍ တာဝန်မဲ့ လုပ်ဆောင်နေခြင်းအတွက် တိုင်းဒေသကြီးအစိုးရမှ စိစစ်ကြပ်မတ်ပေးရေး အဆိုကို ကျင်းပလျက်ရှိသည့် တိုင်းဒေသကြီးလွှတ်တော် ဆဌမပုံမှန် အစည်းအဝေးတွင် ၀ါးခယ်မမြို့နယ်အမှတ် (၁) ကိုယ်စားလှယ် ဦးဌေးအောင်မှ တင်သွင်းခဲ့ပြီး အခြားလွှတ်တော် ကိုယ်စားလှယ် များက ၄င်းအဆိုကိုဝိုင်းဝန်းထောက်ခံဆွေးနွေးလျှက်ရှိကြောင်း သိရသည်။

Photo Ayeyarwaddy Times
Ayeyarwaddy Times
https://www.facebook.com/ayetimes
အစိုးရအနေဖြင့် တိုင်းပြည်ကိုချစ်တယ်ဆိုပြီး ချိုမိုင်မိုင် က နေပါက လက်ညောင်းရုံသာရှိမည်ဖြစ်ကြောင်း ဘိုကလေးအမတ်မှ လွှတ်တော်တွင်ဆွေးနွေး အစိုးရအနေဖြင့် တိုင်းပြည်ကိုချစ်တယ်ဆိုပြီး ချိုမိုင်မိုင် က နေပါက လက်ညောင်းရုံသာရှိမည်ဖြစ်ကြောင်း ဘိုကလေးအမတ်မှ လွှတ်တော်တွင်ဆွေးနွေး Reviewed by THITHTOOLWIN on 19:49 Rating: 5
Powered by Blogger.