သံလွင်မြစ်အတွင်း တရားမဝင် မြစ်သဲကျောက်စုပ်ယူသည့် စက်လှေများအား အရေးယူ


ဘားအံ မေ ၁၉

ကရင်ပြည်နယ် ဘားအံမြို့နယ် ကော့ဂွန်းကျေးရွာ အုပ်စုသံလွင်မြစ်အတွင်း နေ့စဉ်စက်လှေများဖြင့် မြစ်သဲကျောက်စုပ်ယူနေသဖြင့် မြစ်ကမ်းပါးများပြိုကျ ခြင်းများဖြစ်ပွားလျက်ရှိသည်။ ဒေသခံလယ်ယာကိုင်းကျွန်း လုပ်ကိုင်သူ တောင်သူများ မခံမရပ်နိုင်ဖြစ်ပြီး ပြဿနာများ ဖြစ်ပွားလာနိုင်ကြောင်း ဒေသခံပြည်သူများ၏တင်ပြချက်အပေါ် ပူးပေါင်းအဖွဲ့များဖြင့် မေ ၁၈ ရက်က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ တရားမဝင် မြစ်သဲကျောက်စုပ်ယူနေသည့် စက်လှေ ၁၈ စင်းအား စစ်ဆေးတွေ့ရှိခဲ့သည်။ ထိုစက်လှေများမှာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ထောက်ခံချက်မရှိဘဲ စီးပွားရေးအလို့ငှာ တရားမဝင်မြစ်သဲကျောက် စုပ်ယူခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တရားလိုပြုလုပ်ကာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေပုဒ်မ ၂၆ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကရင်ပြည်နယ် ဘားအံမြို့နယ် ကော့ဂွန်း ကျေးရွာအုပ်စု ကော့ဂွန်းကျေးရွာသစ်အပိုင်း ကျွန်းဘေးရှိ သံလွင်မြစ်အတွင်း၌ နေ့စဉ် စက်လှေ ၁၅ စင်းခန့်ဖြင့် မြစ်သဲကျောက်စုပ်ယူနေခြင်းအပေါ် မြစ်ကမ်းပါးများ ပြိုကျခြင်းများဖြစ်ပွားလျက်ရှိသဖြင့် လယ်ယာကိုင်းကျွန်း လုပ်ငန်းလုပ်ကိုင်သူ တောင်သူများက မခံမရပ်နိုင်ဖြစ်ပြီး ပြဿနာများ ဖြစ်ပွားလာနိုင်ကြောင်း ကော့ဂွန်းကျေးရွာ အုပ်ချုပ်ရေးမှူးက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ တင်ပြခဲ့သည်။ နယ်မြေခံရဲစခန်းသို့ မိတ္တူ ပေးပို့တင်ပြချက်အရ နယ်မြေခံရဲစခန်းမှ အထက်အဆင့်ဆင့်သို့တင်ပြခဲ့သည့်အတွက် ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှလည်း မြေပြင်အခြေအနေအား စုံစမ်းတင်ပြစေခဲ့ရာ ဘားအံမြို့နယ် ရဲတပ်ဖွဲ့မှူးက သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပေါင်းစပ်၍ ဧပြီ ၂၇ ရက်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်သူရဟိန်း၊ ရေအရင်းအမြစ်ဦးစီး ဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများ၊ ကော့ဂွန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိုက်ကြည်တို့က လုပ်ငန်းလုပ်ကိုင်နေသည့် ဦးဘခင်၊ စောကျော်လှဟန်တို့နှင့်အတူ မြစ်ကြောင်းတစ်လျှောက် လိုက်လံစစ်ဆေးခဲ့ရာ မြစ်သဲ ကျောက်စုပ်သည့် စက်လှေရှစ်စင်းအား စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် ဦးဘခင်နှင့် စောကျော်လှဟန်တို့အား မြစ်သဲကျောက်စုပ်ယူခြင်းအား ရပ်ဆိုင်းထားရန် မှာကြားခဲ့သည်။

ထိုသို့ သတိပေးတားမြစ်ထားသော်လည်း ဆက်လက်ဆောင်ရွက်နေကြောင်း သတင်းရရှိသဖြင့် မေ ၁၈ ရက် တွင် ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးကြာညို ဦးစီးအဖွဲ့၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးဝင်းနိုင် ဦးစီးသည့် အဖွဲ့နှစ်ဖွဲ့သည် ကရင်ပြည်နယ် ရေအရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့များဖြင့် ပူးပေါင်း၍အဖွဲ့နှစ်ဖွဲ့ခွဲကာ ကော့ဂွန်းကျေးရွာ နှင့်နှစ်ခြားကျေးရွာအနီးတစ်ဝိုက်သို့လည်းကောင်း၊ ထုံးအိုင်ကျေးရွာပတ်ဝန်းကျင် နှစ်ခြားကျေးရွာအကြားနှင့် ဝဲကြီးကျေးရွာအကြားရှိ သံလွင်မြစ်ကြောင်းတစ်လျှောက်သို့လည်းကောင်း စက်လှေများဖြင့် လိုက်လံစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ကြာညိုဦးစီးပူးပေါင်းအဖွဲ့မှ မြစ်သဲကျောက်စုပ်နေသည့် စက်လှေ ၁ဝ စင်းကိုလည်းကောင်း၊ ဒုတိယမြို့နယ်ရဲတပ် ဖွဲ့မှူး ဒုတိယရဲမှူးဝင်းနိုင် ဦးစီးသည့် ပူးပေါင်းအဖွဲ့မှ ဝဲကြီးကျေးရွာအရှေ့ဘက် သံလွင်မြစ်ကြောင်းအတွင်း လိုက်လံစစ်ဆေးစဉ် မြစ်သဲကျောက်စုပ်ယူနေသည့် စက်လှေရှစ်စင်းကိုလည်းကောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

စစ်ဆေးတွေ့ရှိခဲ့သည့် မြစ်သဲကျောက်စုပ်ယူနေသော စက်လှေစုစုပေါင်း ၁၈ စင်းမှ ပဲ့ကိုင်များ၊ အလုပ် သမားများအား စစ်ဆေးရာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ထောက်ခံချက်မရှိဘဲ စီးပွားရေးအလို့ငှာ တရားမဝင် မြစ်သဲကျောက်စုပ်ယူခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနော်ဆန်းက တရားလိုပြုလုပ်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးတွေ့ရှိခဲ့သော မြစ်သဲကျောက်စုပ်သည့် စက်လှေ ၁ဝ စင်းမှ ပဲ့ကိုင်များနှင့်အလုပ် သမားများကို ဘားအံမြို့မရဲစခန်းတွင်လည်းကောင်း၊ ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးစီးသည့် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးတွေ့ရှိသော မြစ်သဲကျောက်စုပ်ယူသည့် စက်လှေရှစ်စင်းမှ ပဲ့ကိုင်များနှင့် အလုပ်သမားများအား ထုံးအိုင်နယ်မြေ ရဲစခန်း၌လည်းကောင်း ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေပုဒ်မ ၂၆ ဖြင့် အသီးသီး အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
သံလွင်မြစ်အတွင်း တရားမဝင် မြစ်သဲကျောက်စုပ်ယူသည့် စက်လှေများအား အရေးယူ  သံလွင်မြစ်အတွင်း တရားမဝင် မြစ်သဲကျောက်စုပ်ယူသည့် စက်လှေများအား အရေးယူ Reviewed by THITHTOOLWIN on 09:51 Rating: 5
Powered by Blogger.