နန်စီပွန်မှာ ရဲတပ်ဖွဲ့ က သေနတ်အောက်စိုက် ပစ်ခဲ့တာလို့ တိုင်းဥပဒေချုပ်ပြော

ပဋိပက္ခကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ရေမဆေးကျောက်ရှာဖွေသူများ ခန္တီးမြို့နယ်ဆေးရုံမှာ မေလ ၁၇ ရက်နေ့က ဆေးကုသမှု ခံယူနေသည်ကို တွေ့ရစဉ်။ Photo: Aung San Myint
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ နန်စီပွန်ကျောက်စိမ်းလုပ်ကွက်မှာ မေ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် လူ ၃ ယောက် သေနတ်ထိမှန်ပြီး သေဆုံးခဲ့တဲ့ ကိစ္စမှာ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ သေနတ်ကို အောက်စိုက်ပြီး သာပစ်ခဲ့တာဆိုပြီး တိုင်းဒေသကြီး ဥပဒေချုပ်ဦးခင်မောင်လှက ဒီကနေ့ စစ်ကိုင်းတိုင်း လွှတ်တော်မှာ ပြန်လည်ဖြေ ကြားခဲ့ပါတယ်။

တိုင်းဥပဒေချုပ်က ပြန်လည်ဖြေကြားရာမှာ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ သေနတ်ကို မြေအောက်ကို စိုက်ပြီးပစ်ခဲ့ တာဖြစ်ပေမယ့် မြေနိမ့်ပိုင်းမှာရှိနေတဲ့သူတွေကို ထိခဲ့တာဖြစ်ကြောင်း ပြောခဲ့တယ်လို့ မေးခွန်းမေးမြန်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးက ပြောပါတယ်။

" ခေါင်းမှာတွေ ရင်ဘတ်မှာတွေ ဘာကြောင့်ထိအောင်ပစ်သလဲ၊ တကယ်လို့ ခြောက်အောင် ပစ်တယ်ဆိုရင် အောက်မှာ ခြေသလုံးအောက်မှာ ပစ်ရမယ်ဆိုတာ ကျနော်မေးလိုက်တော့ မဟုတ်ဘူးတဲ့ ပစ်လိုက်တဲ့အခါမှာ မြေအနိမ့်မှာရှိတဲ့သူကို ထိမိတယ်။ နောက်ပြီးတော့ စိုက်ပစ် ပစ်တဲ့အခါမှာ မြေအနိမ့် မှာရှိတဲ့သူတွေကို ထိမိတယ်လို့ ကျနော်ကို ဖြေခဲ့တယ်"

မေ ၁၇ ရက်နေ့က ဖြစ်ပွားတဲ့ ပဋိပက္ခဖြေရှင်းတဲ့အခါမှာ လူ ၃ ယောက်သေဆုံးတာဟာ လက်ရှိအစိုးရရဲ့ ပုံရိပ်ကို ထိခိုက်စေတာကြောင့် တိုင်းဒေသကြီး အစိုးရအနေနဲ့ နောက်နောင် ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ မေးခွန်းကို ဒီကနေ့ကျင်းပတဲ့ တိုင်းဒေသကြီးလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ဦမောင်တေး က မေးမြန်း ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ပဋိပက္ခကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ရေးဆွဲထားတဲ့ လုပ်ငန်းစဉ်တွေအတိုင်း၊ ဥပဒေနဲ့အညီ ဆောင်ရွက် ခဲ့တာဖြစ်ကြောင်းနဲ့ ဒဏ်ရာရရှိထား တဲ့ ရေမဆေးသမား ၅ ယောက်ကိုလည်း ကျုးကျော်မှုနဲ့ ဆက်ပြီးအရေးယူသွား မှာဖြစ်ကြောင်းလည်း တိုင်း ဥပဒေချုပ်က ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးက ဒီဖြေကြားချက်တွေနဲ့ ပတ်သက်ပြီး ကျေနပ်အားရမှု မရှိတာကြောင့် စုံစမ်းစစ်ဆေးရေး ကော်မတီအဖွဲ့ဝင်အနေနဲ့ လာမယ့် မေ ၂၄ ရက်မှာ အခင်းဖြစ်ပွားတဲ့ နေရာကို သွားရောက်စုံစမ်းမှာဖြစ်တယ်လို့ ပြောပါတယ်။

 မေ ၁၇ ရက်နေ့မှာ နန်စီပွန်ကျောက်မျက်လုပ်ကွက်အတွင်း ကုမ္ပဏီဝန်ထမ်းတွေ၊ လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့နဲ့ ရေမဆေးသမားတို့ ပဋိပက္ခဖြစ်ပွားပြီး ရေမဆေးသမား ၃ ယောက် သေဆုံးပြီး ၅ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
နန်စီပွန်မှာ ရဲတပ်ဖွဲ့ က သေနတ်အောက်စိုက် ပစ်ခဲ့တာလို့ တိုင်းဥပဒေချုပ်ပြော နန်စီပွန်မှာ ရဲတပ်ဖွဲ့ က သေနတ်အောက်စိုက် ပစ်ခဲ့တာလို့ တိုင်းဥပဒေချုပ်ပြော Reviewed by THITHTOOLWIN on 20:18 Rating: 5
Powered by Blogger.