ခုံတန်းလျားတွင် စကားပြောနေသူ စုံတွဲထံမှ လက်ကိုင်ဖုန်းလုယက်သူ သုံးဦးအား ဖမ်းဆီးရမိ


ရန်ကုန်၊ မေ ၂၆

ကြည့်မြင်တိုင်မြို့နယ်နေ ကို-----သည် မေလ ၁၇ ရက်နေ့ ည ၁၁ နာရီ အချိန်ခန့်တွင် ၎င်းရည်းစားဖြစ်သူ မိန်းကလေးနှင့်အတူ ဆိပ်ကမ်းမြို့နယ်၊ မော်တင်ရပ်ကွက်၊ ၀ါးတန်းဆိပ်ကမ်းအနီး အများပြည်သူ အပန်းဖြေနိုင်ရန် ပြုလုပ်ထားသော ကွန်ကရစ်ထိုင်ခုံတန်းလျားတွင် စကားပြောနေကြစဉ် လူငယ် ၃ ဦးမှာ ၎င်းတို့နေရာသို့ရောက်ရှိလာပြီး GIONEE အမျိုးအစား လက်ကိုင်ဖုန်းနှင့် Honor အမျိုးအစားလက်ကိုင်ဖုန်းတို့အား လုယက်ယူဆောင်ကာ ထွက်ပြေးသွားကြောင်းနှင့် အဆိုပါ လူငယ် ၃ ဦး တို့အား စုံစမ်းဖော်ထုတ် အရေးယူပေးရန် တိုင်တန်းချက်အရ ဆိပ်ကမ်းမြို့မ ရဲစခန်း(ပ)၁၀၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၁၁၄ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ သတင်းရလျင်ရခြင်း ရဲတပ်ဖွဲ့ဝင်များက အတည်ပြုစုံစမ်းခဲ့ရာ လက်ကိုင်ဖုန်းရောင်ချသူ လူငယ်မှာ ဒလမြို့နယ်နေ အောင်မြင့်ဖြစ်ကြောင်းသိရှိရပြီး ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ မေလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် အောင်မြင့်၊ ပိစိ(ခ)အောင်အောင်၊ ငြိမ်းထက်
တို့ ၃ ဦးအား အမှုမှပါဆုံး GIONEE လက်ကိုင်ဖုန်းနှင့်အတူ ဒလမြို့နယ်၊ မှော်စက်ရပ်ကွက်၊ သမ္ဗာန်ဆိပ်အနီး၌ တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးရာ အခင်းဖြစ်နေ့ ည ၇နာခွဲအချိန်တွင် အောင်မြင့်နှင့် ငြိမ်းထက်တို့ ၂ ဦး အတူ ဒလမြို့နယ်၊ မှော်စက်ရပ်ကွက်ရှိ လက်ဘက်ရည်ဆိုင်၌ လက်ဘက်ရည်သောက်ရင်း ဖုန်းလုရန် တိုင်ပင်ခဲ့ကြကြောင်း၊ ၎င်းနောက် ကမာကဆစ်သမ္ဗာန်ဆိပ်မှ သမ္ဗာန်စီး၍ စဥ့်အိုးတန်း ဆိပ်ကမ်းဘက်သို့ ထွက်လာခဲ့ကြကြောင်း၊ စဥ့်အိုးတန်းဆိပ်ကမ်း ဗောတံတားပေါ်သို့အရောက်တွင် မကျည်းအရက်ပုလင်းတစ်လုံးနှင့် ဇေအရက်ပုလင်းတစ်လုံးတို့တွေ့ရှိသဖြင့် အတူသောက်ကာ အရက်ပုလင်းခွံများကိုယူ၍ ည ၈နာရီခွဲ အချိန်ခန့်တွင် ၎င်းတို့၏ အစ်ကိုတော်သူ ပိစိ(ခ)အောင်အောင် အလုပ်လုပ်ကိုင်သည့် ဆိပ်ကြီးသမ္ဗာန်ဆိပ်ဘက်သို့ ထွက်လာခဲ့ကြပြီး ၎င်းအားတွေ့ရှိသဖြင့် ၀ါးတန်းဗောတံ တားဘက်သို့ လိုက်လာရန် ပြောဆို၍ ထိုနေရာမှထွက်လာခဲ့ကြကြောင်း၊ ည ၁၁ နာရီခွဲအချိန်ခန့်တွင် ပိစိ(ခ)အောင်အောင်ရောက်ရှိလာပြီး ၎င်းတို့ ၂ ဦးမှ အရက်ပုလင်းခွံများကိုင်၍ ကွန်ကရစ်တန်းလျားပေါ်တွင်ထိုင်၍ စကားပြောနေသောစုံတွဲထံသို့သွားရောက်ကာ အမျိုးသားဖြစ်သူအား အောင်မြင့်က ပုလင်းခွံဖြင့်ရိုက်ပြီး လက်ကိုင်ဖုန်းနှစ်လုံးအား လုယူခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်များအရ အောင်မြင့်ပါ (၃)ဦးတို့အား အမှုဖြင့်အရေးယူ ဆောင်ရွက်လျက်ရှိကာ သက်သေခံလက်ကိုင်ဖုန်းများပြန်လည် သိမ်းဆည်းနိုင်ခဲ့ပြီး ၎င်းတို့အား အခြားလုယက်မှုများကျူးလွန်ထားခြင်းရှိ၊မရှိ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

ခုံတန်းလျားတွင် စကားပြောနေသူ စုံတွဲထံမှ လက်ကိုင်ဖုန်းလုယက်သူ သုံးဦးအား ဖမ်းဆီးရမိ ခုံတန်းလျားတွင် စကားပြောနေသူ စုံတွဲထံမှ လက်ကိုင်ဖုန်းလုယက်သူ သုံးဦးအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 22:15 Rating: 5
Powered by Blogger.