လမ်းအသုံးပြုခ ပိုမိုကောက်ခံသည့် ဂိတ်တာဝန်ခံများအား ခေါ်ယူသတိပေးပြီး ဝန်ခံကတိလက်မှတ်ရေးထိုးခိုင်း


မန္တလေးမြို့​တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း မြို့ဝင်ကြေးနှင့် ဘီးခွန်ကောက်ခံသည့် မြို့ဝင်လေးဂိတ်ဖြစ်သည့် ရွှေကျင်ဂိတ်၊ ထုံးဘိုဂိတ်၊ ရွှေကြက်ယက်ဂိတ်၊ အောင်ပင်လယ်ဂိတ်တို့တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် လုပ်ကိုင်ခွင့်ကို ငွေကျပ် သိန်း ၁၄၀၁၀၀၂၀၀၀၀ ဖြင့် တစ်ဦးတည်းမှ လေလံရရှိပြီး လမ်းအသုံးပြုခ ပိုမိုကောက်ခံခြင်းများရှိ​နေ​ကြောင်း ပြည်​သူများ၏ တိုင်ကြားမှုများရှိ​သော​ကြောင့်​ ကွင်းဆင်းစစ်​​ဆေးမှုများ ပြုလုပ်​ကာ ဂိတ်တာဝန်ခံများအား မေ ၁၆ ရက်က စည်းကမ်းနှင့်အညီ ဆောင်ရွက်ရန် ခေါ်ယူသတိပေးပြီး ဝန်ခံကတိလက်မှတ်ရေးထိုးစေခြင်းတို့ ပြုလုပ်​ကြောင်း သိရသည်​။

"ခရီးသွားပြည်သူများနဲ့ ကုန်​တင်​ယာဉ်​​မောင်းများရဲ့ တိုင်းကြားစာတွေမှာ ဒီဂိတ်တွေက ငွေပိုကောက်တယ်ဆိုတာ တိုင်တယ်။ ကျွန်တော်တို့ သွားရောက်စစ်ဆေးမှုတွေလုပ်တော့ တိုင်​တာမှန်တယ်​ဆိုတာ တွေ့ရတယ်။ ဂိတ်တွေကို သတိပေးတာလုပ်ပြီးဖြစ်သလို တချို့စည်းကမ်းချက်တွေ ပြင်ဆင်ဖို့နဲ့ ထပ်မံဖြည့်စွက်နိုင်ဖို့ မြို့တော်ဝန်ထံတင်ပြထားပြီး ခွင့်ပြုချက်ရဖို့ စီစဉ်နေပါတယ်"ဟု ကော်မတီဝင်ဦးကျော်ဇောအောင်က ​ပြောပြသည်​။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သတ်မှတ်ထားသည့် တင်ဒါစည်းကမ်းလိုက်နာမှုမရှိလျှင် ပထမအကြိမ် သတိပေးခြင်း၊ ဒုတိယအကြိမ်တွင် ဒဏ်ကြေးပေးဆောင်စေခြင်း၊ တတိယအကြိမ်တွင် လေလံ လုပ်ကိုင်ခွင့် ရုပ်သိမ်းခြင်းတို့ဖြင့် အရေးယူသွားရန် သတ်မှတ်ထားသော်လည်း ထပ်မံပြင်ဆင်မည့် စည်းကမ်းချက်များတွင် ဒဏ်ကြေးငွေ တိုးမြှင့်ခြင်း အပါအဝင် စည်းကမ်းချက်တစ်ချို့ ပြင်ဆင်သွားရန် စီစဉ်လျက်ရှိ​ကြောင်း သိရသည်​။

သတ်မှတ်ထားသည့် တင်ဒါစည်းကမ်းတွင်​ ယာဉ်-ကုန် အလေးချိန် တန် ၂၀ အထိ တစ်တန်လျှင် ကျပ် ၁၅၀ ဖြစ်ပြီး ဥပမာ-၂၇ တန်ဆိုလျှင် တန် ၂၀ သည် ၁၅၀ နှုန်းဖြင့် ကောက်လျှင် ကျပ် ၃၀၀၀ နှင့် ကျန်​ ၇ တန်သည် ကျပ် ၃၀၀ နှုန်းကောက်ခံလျှင် ၂၁၀၀ ကျပ်ဖြစ်ရာ စုစုပေါင်းငွေကျပ် ၅၁၀၀ ပေးဆောင်ရမှာ ဖြစ်သည်။ သို့သော် ယာဉ်-ကုန်အလေးချိန် တန် ၂၀ ပိုပါက တစ်တန်လျှင်ကျပ် ၃၀၀ ဖြင့်​ ပိုမိုကောက်ခံမှုများပြုလုပ်ခြင်း၊ တစ်ကြိမ်ဖြတ်သန်းခ ပေးပြီးပါက ၂၄ နာရီအတွင်း ဖြတ်သန်းနိုင်သော်လည်း ထပ်မံပေးဆောင်နေရခြင်းစသည့် စည်းကမ်းနှင့်မညီညွတ်သည့် ​ကောက်​ခံမှုအတွက်​ တိုင်ကြားကြခြင်းဖြစ်​သည်​။

The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
လမ်းအသုံးပြုခ ပိုမိုကောက်ခံသည့် ဂိတ်တာဝန်ခံများအား ခေါ်ယူသတိပေးပြီး ဝန်ခံကတိလက်မှတ်ရေးထိုးခိုင်း လမ်းအသုံးပြုခ ပိုမိုကောက်ခံသည့် ဂိတ်တာဝန်ခံများအား ခေါ်ယူသတိပေးပြီး ဝန်ခံကတိလက်မှတ်ရေးထိုးခိုင်း Reviewed by THITHTOOLWIN on 22:19 Rating: 5
Powered by Blogger.