ဘင်္ဂလာဒေ့ရှ်တွင် အဆင့်မြင့်ဆုံး မုန်တိုင်းသတိပေးမှု ထုတ်ပြန်


နိရဉ္စရာ၊ မေ ၂၉

မိုရာ ဆိုင်ကလုန်မုန်တိုင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ နောက်ထပ် ၁၂ နာရီအတွင်း ဖြတ်ကျော် ၀င်ရောက် တိုက်ခတ်မည် ဖြစ်ရာ စစ်တကောင်းနှင့် ကော့စ်ဘဇားတို့ အပါအ၀င် ပင်လယ်ကမ်းနီး ဒေသများတွင် အမြင့်ဆုံး သတိပေးမှု ပြုလုပ်ထားကြောင်း သတင်း ရရှိသည်။

“Great Danger Signal” no. 10 မုန်တိုင်း အန္တရာယ် အဆင့် ၁၀ အဖြစ် စစ်တကောင်း၊ ကော့စ်ဘဇား၊ ဖေနီ ၊ န၀ါခါလီ စသည့် ပင်လယ်အနီးရှိ ခရိုင်များတွင် သတ်မှတ်ထားပြီး နိုင်ငံ တစ်ဝှန်းရှိ ရေကြောင်းသွားလာမှုကို ရပ်ဆိုင်းလိုက်ကာ သင်္ဘောများ၊ ငါးဖမ်းသင်္ဘောများအား ကမ်းတွင် ဆိုက်ကပ်ထားရန် အာဏာပိုင်များမှ ညွှန်ကြားထားကြောင်း သိရသည်။

ယနေ့ ညနေ ၆ နာရီ တိုင်းထွာချက်အရ မိုရာ ဆိုင်ကလုန်မုန်တိုင်းသည် စစ်တကောင်းမြို့ တောင်ဘက် ၃၈၅ ကီလိုမီတာအကွာ၊ ကော့စ်ဘဇား (ဖလောင်းချိတ်)၏ တောင်ဘက် ၃၀၅ ကီလိုမီတာ အကွာတွင် ဗဟိုပြုတည်ရှိနေကြောင်း ဘင်္ဂလာဒေ့ရှ် မိုးဇ/လမှ သတင်းထုတ်ပြန်ထားသည်။

မုန်တိုင်းဗဟိုချက်မတွင် တစ်နာရီ ၆၂ ကီလိုမီတာပြင်းအားရှိပြီး တစ်နာရီ ၈၂ ကီလိုမီတာမှ ၁၁၇ မီတာထိ မြင့်တက်နိုင်ကြောင်း သတင်းများတွင် ဖော်ပြသည်။

ပင်လယ်ကမ်းခြေ တစ်လျှောက်တွင် နေထိုင်သူများကို ဆိုင်ကလုန်မုန်တိုင်းခိုလှုံရာ အဆောက်အဦးများ၊ ဘေးလွတ်ရာ နေရာများသို့ ယနေ့ နံနက်စပြီး ပြောင်းရွှေ့မှုများ ပြုလုပ်ထားကြောင်း ဘင်္ဂလာဒေ့ရှ် သတင်းဌာနများတွင် သတင်း ဖော်ပြသည်။

(Photo by The Independent)
Narinjara
https://www.facebook.com/Narinjara
ဘင်္ဂလာဒေ့ရှ်တွင် အဆင့်မြင့်ဆုံး မုန်တိုင်းသတိပေးမှု ထုတ်ပြန် ဘင်္ဂလာဒေ့ရှ်တွင် အဆင့်မြင့်ဆုံး မုန်တိုင်းသတိပေးမှု ထုတ်ပြန် Reviewed by THITHTOOLWIN on 22:22 Rating: 5
Powered by Blogger.