ယုဇနကုမ္ပဏီက ဒေသခံတောင်သူများကို ဓါးများဖြင့် ခြိမ်းခြောက်


မေ ၁၈

ယုဇနကုမ္ပဏီက လူအင်အား ၆၀ ခန့်ဖြင့် ဖားကန့်မြို့နယ်ရှိ နောင်းမီကျေးရွာမှဒေသခံများ၏ လယ်ယာမြေ များကိုဖျက်ဆီးသွားခဲ့သည်ဟု ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ယုဇနကုမ္ပဏီက ၎င်းတို့အနေဖြင့် နိုင်ငံတော်သို့တရားဝင်အခွန်ဆောင်ထားသည်ဟုဆိုကာ မေလ ၁၇ ရက် နေ့တွင်လူအင်အား ၆၀ ခန့်ဖြင့်တုတ်ဓါးလက်နက်များ ကိုင်ဆောင်၍ ထွန်စက်နှစ်စီးဖြင့်မြေယာများကို ဖျက်ဆီး သွားသည်ဟု ဒေသခံတောင်သူ ဦးဆိုင်းလီကပြောသည်။

     ”အဲဒီနေရာက ကျွန်တော်တို့ ဘိုးဘွားဘီဘင်လက်ထက်ကတည်းက လယ်ယာလုပ်နေတဲ့နေရာ။ အဲဒီနေ့ မနက်ပိုင်းက သူတို့ထွန်စက်နဲ့ လာတော့ဒါကျွန်တော်တို့နေရာဟုတ်တယ်လို့ပြောတယ်။ လူစုပြီးညနေကျတော့ ပြန်ဝင်လာတယ်။ ပါလာတဲ့သူတွေအားလုံးဓါးတွေကိုင်တယ်။ ကျွန်တော့်လည်ပင်းကိုလည်း ဓားနဲ့ရွယ်တယ်။ ယုဇနရှိနေသရွှေ့ ကျွန်တော်တို့ တောင်သူတွေဘ၀မလုံခြုံပါဘူး”ဟု နောင်းမီကျေးရွာမှ ဒေသခံတောင်သူ ကို ဆိုင်းလီက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

အဆိုပါ ဒေသခံများ၏ လယ်ယာမြေများကို ယခင်န၀တခေတ်က နိုင်ငံတော်ပိုင် သိမ်းယူခံထားခဲ့ရသော် လည်း  ယခု အစိုးရလက်ထက်တွင် ဒေသခံများက ၎င်းတို့၏ဘိုးဘွားပိုင်မြေဟုဆိုကာ ထိုလယ်ယာမြေပေါ် တွင် ပြန်လည်စိုက်ပျိုးလုပ်ကိုင်ခဲ့ကြကြောင်း၊ ထို့ကြောင့် မိမိတို့ပိုင်ဆိုင်သည့်မြေကို ကုမ္ပဏီမှထပ်မံသိမ်းဆည်း ခြင်းမပြုရန် အုပ်ချုပ်ရေးမှူးထံသို့ တောင်းဆိုခဲ့ကြောင်း သိရသည်။

”သူတို့ကတော့ ဒီမြေတွေအတွက် နိုင်ငံတော်ကိုအခွန်ဆောင်ထားလို့လုပ်မယ်ပေါ့ဗျာ။ ကျွန်တော်တို့ တောင်သူတွေကလည်း ဒီမြေကဘိုးဘွားပိုင်မြေဖြစ်တယ်။ မတရားသိမ်းဆည်းခံထားရတဲ့ မြေဖြစ်တာအပြင် အ ခုဥပဒေမူလည်းပြောင်းပြီ၊ အစိုးရလည်း ပြောင်းပြီဆိုတော့ မတရားသိမ်းပိုက်ခံထားရတဲ့ မြေတွေကို ပြန်ယူရ ခြင်းဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်”ဟု ဒေသခံဦးဘရန်ဆိုင်းက ပြောသည်။

ထိုကဲ့သို့ပဋိပက္ခများ ထပ်မံဖြစ်ပွားမည်ဆိုပါက ကုမ္ပဏီနှင့်တောင်သူများအကြား ပြဿများ ပို၍ကြီးမားလာ နိုင်သည်ဟု ဟူးကောင်းတောင်သူများအဖွဲ့(MRJ)  ခေါင်းဆောင် ဦးလရှီးအောင်လတ်က ပြောသည်။

”ကျွန်တော်အမြင်တော့ ဒီပဋိပက္ခမရပ်ဘူးဆိုရင် ဒီထက်ကြီးကျယ်လာမယ့် အခြေအနေရှိတယ်။ ယုဇန ဘက်ကကျူးကျော်တယ်လို့ ကျွန်တော်ကမြင်တယ်”ဟု ဦးလရှီးအောင်လတ်က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ၀ါရာဇွပ်ကျေးရွာအုပ်ချုပ်ရေးမှူးဦးနော်ဒီးကို မြစ်ကြီးနားသတင်းဂျာနယ်က မေး

မြန်းခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။ နောင်းမီကျေးရွာတွင်လယ်ယာမြေဧကပေါင်း ၇၀၀၀ ခန့်ရှိပြီး ပီ လောပီနံစိုက်ပျိုးရန်နှင့် ဘက်စုံလုပ်ငန်းလုပ်ကိုင်ရန်အတွက် ယုဇနကုမ္ပဏီကဟူးကောင်းဒေသတွင် မြေဧက လေးသိန်းကျော်ကို သိမ်းယူထားခဲ့သည်ဟု သိရသည်။

စည်သူ(မြစ်ကြီးနား)
Myitkyina News Journal
http://www.myitkyinanewsjournal.com
ယုဇနကုမ္ပဏီက ဒေသခံတောင်သူများကို ဓါးများဖြင့် ခြိမ်းခြောက် ယုဇနကုမ္ပဏီက ဒေသခံတောင်သူများကို ဓါးများဖြင့် ခြိမ်းခြောက် Reviewed by THITHTOOLWIN on 19:03 Rating: 5
Powered by Blogger.