ငွေဆောင်ကမ်းခြေတွင် “အိ” ဆိုသည့်စာလုံး တက်တူးထိုးထားသည့် အလောင်းတစ်လောင်း လာရောက် သောင်တင်


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ငွေဆောင်ကမ်းခြေရှိ ရွှေဟင်္သာဟိုတယ်ရှေ့၊ ပေ(၁၀၀)ခန့်အကွာ ကမ်းခြေတွင် မေ ၁၉ ရက်၊ နံနက်(၇)နာရီခန့်က အမည်မသိအမျိုးသားအလောင်းတစ်လောင်း လာရောက် သောင်တင်ခဲ့ကြောင်း ငွေဆောင်နယ်မြေ ရဲစခန်းမှ သိရှိရသည်။

 အလောင်း၏ ခန္ဓာကိုယ်အစိတ်အပိုင်းအများစုသည် အရိုးကျနေပြီဖြစ်ပြီး ညာဘက်လက်မောင်းနေရာတွင် “အိ” ဆိုသည့်စာလုံးအား တက်တူးထိုးထားပြီး ခြေထောက်တွင် ကနုတ်ပုံတက်တူးတစ်ခုထိုးထားသည်ကိုသာ တွေ့ရှိ ရကြောင်း ငွေဆောင်နယ်မြေရဲစခန်းမှူး ရဲအုပ် ဇော်မျိုးနိုင်ထံမှ သိရသည်။
 “ကမ်းခြေနဲ့ဝေးတဲ့တစ်နေရာရာကနေ မျောပါနေပြီးတော့မှ ကမ်းကိုလာတင်တာပါ။ တော်ရုံရေနူးရုံနဲ့ အသား တွေက ပျော်မကျနိုင်ပါဘူး။ အခုက မျက်နှာကအစ အရိုးကျနေပြီ။ အလောင်းကိုဆေးရုံပို့ထားပြီး သေမှုသေခင်း ဖွင့်လှစ်ဆောင်ရွက်နေပါတယ်။”ဟု ငွေဆောင်နယ်မြေရဲစခန်းမှူး ရဲအုပ် ဇော်မျိုးနိုင်ကပြောသည်။

 အလောင်းသည် ပင်လယ်ထဲတွင် (၁၅)ရက်မှ (၂၅)ရက်ကြာမျောပါပြီးမှ သောင်လာတင်သည်ဟု ခန့်မှန်းထား ပြီး ကမ်းခြေတွင် ရေနစ်သေဆုံးပါက (၃)ရက်မှ (၄)ရက်ခန့်တွင် ပြန်ပေါ်လာမည်ဖြစ်ကြောင်း ရဲအုပ်ဇော်မျိုးနိုင် က ဆက်လက်ပြောဆိုသည်။
“မနက်ပိုင်း ကမ်းခြေမှာ လမ်းထလျှောက်နေတဲ့သူတွေက စတွေ့လို့ ကမ်းခြေကတာဝန်ရှိသူတွေကို အကြောင်း ကြားတာပါ။ အခု ကမ်းခြေတာဝန်ရှိသူတွေနဲ့ ငွေဆောင်မြတ်ဒါနလူမှုကူညီရေးအသင်းတို့ကနေ ဆေးရုံကို ပို့ လိုက်ပါပြီ။”ဟု အလောင်းတွေ့ရှိသည့်နေရာတွင် ရောက်ရှိနေသည့် ငွေဆောင်မြို့မ ရပ်ကွက်မှ ကိုအောင်မိုးက ပြောသည်။

အလောင်းတွေ့ရှိမှုဖြစ်စဉ်အတွက် ငွေဆောင်နယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၇/၂၀၁၇ ဖြင့် ဖွင့်လှစ်၍ ဆက်လက်စုံစမ်းစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ငွေဆောင်ကမ်းခြေတွင် “အိ” ဆိုသည့်စာလုံး တက်တူးထိုးထားသည့် အလောင်းတစ်လောင်း လာရောက် သောင်တင်  ငွေဆောင်ကမ်းခြေတွင် “အိ” ဆိုသည့်စာလုံး တက်တူးထိုးထားသည့် အလောင်းတစ်လောင်း လာရောက် သောင်တင် Reviewed by THITHTOOLWIN on 20:24 Rating: 5
Powered by Blogger.