ရှေးဟောင်းဒင်္ဂါးပြားများရရှိသူ အမျိုးသမီးအား ပြည်နယ်အစိုးရမှ ကျပ်ငွေ ၁၂ သိန်းချီးမြှင့်


ရခိုင်ဂေဇက်၊ ဧပြီ ၂၇

ကျောက်ဖြူခရိုင် စနဲမြို့မှ ရှေးဟောင်းဒင်္ဂါးပြားများရရှိသူ အမျိုးသမီးအား ပြည်နယ်အစိုးရအဖွဲ့မှ ကျပ်ငွေ ၁၂ သိန်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

အဆိုပါ စနဲမြို့ ကံပြင်ရပ်ကွက်တွင်နေထိုင်သူ ဒေါ်မကျီရွှေမှာ ဇန်နဝါရီလ ၈ ရက်နေ့က တောင်ပေါ်တွင် ဝက်ဝဲဥသွားတူးရာမှ ရှေးဟောင်းငွေဒင်္ဂါးပြား ၄၁ ပြားအား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းငွေဒင်္ဂါး တစ်ပြားလျှင်သုံးသောင်းနှုန်းဖြင့် ငွေကျပ် ၁၂ သိန်းအား ဧပြီလ ၂၆ ရက်နေ့ နံနက်ပိုင်းက စနဲ့မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ပေးအပ်ချီးမြှင့်ခဲ့ပြီး ငွေဒင်္ဂါးပြားများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မြောက်ဦးဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးညိမ်းလွင်ထံ လွှဲပြောင်းပေးအပ် ခဲ့ကြောင်း စနဲ့မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထက်လွင်က ဆိုသည်။

"စနဲမှာ ငွေဒင်္ဂါးတွေ့တာနဲ့ပတ်သက်လို့ ပြည်နယ်အစိုးရအဖွဲ့ကနေပြီးတော့ ချီးမြှင့်တဲ့ငွေတွေကို ပေးအပ် ခဲ့ပါတယ် ၊ ငွေဒင်္ဂါးတွေက မြောက်ဦးခေတ်ဒင်္ဂါးတွေပါ၊ ရခိုင်ပြည်နယ် ယဉ်ကျေးမှုကော်မတီ အဆုံး အဖြတ်နဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက အစိုးရအဖွဲ့ အစည်း အဝေးမှာတင်ပြပြီးတော့ ပြည်နယ်အစိုးရအဖွဲ့က ငွေကျပ် ၁၂ သိန်းချီးမြှင့်တာပါ ” ဟု ဦးညိမ်းလွင်က ပြောသည်။

ယင်းအပြင် ၂၀၁၆ ခုနှစ်က မြောက်ဦးခရိုင် မြေပုံမြို့နယ် ငန်းတောင်ကျေးရွာတွင်နေထိုင်သူမှလည်း ရှေးဟောင်းဝေသာလီခေတ်ငွေဒင်္ဂါး ၅၁ ပြားကိုတွေ့ရှိခဲ့ပြီး အဆိုပါငွေဒင်္ဂါးများကို မတ်လ ၂၆ရက်နေ့က အသိသက်သေများနှင့်အတူ မြောက်ဦးရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ အပ်နှံ ခဲ့သည်။


ယင်းသို့ ဝေသာလီခေတ်ငွေဒင်္ဂါး ၅၁ ပြားတွေ့ရှိသူအား ဒင်္ဂါးတစ်ပြားလျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း ပြည်နယ်အစိုးရအဖွဲ့မှသိရသည်။

"ရှေးဟောင်းပစ္စည်းတွေတွေ့တယ်ဆိုလို့ရှိရင် အစိုးရကို အပ်နှံရမယ်ဆိုတာ ဥပဒေမှာပြဋ္ဌာန်းပြီးသားပါ၊ အစိုးရကလဲ ထိုက်သင့်တဲ့ဂုဏ်ပြုချီးမြှင့်ငွေကို ပေးရမယ်ဆိုတာလဲ ဥပဒေမှာ ပြဋ္ဌာန်းပြီးသားရှိပါတယ်၊ ဥပဒေနဲ့အညီ ကျနော်တို့ဆောင်ရွက်တဲ့အခါမှာ ရှေးဟောင်းပစ္စည်းရရှိတဲ့သူကလဲ ရိုးရိုးသားနဲ့ အပ်နှံတယ်၊ အဲဒါကိုလဲ အသိအမှတ်ပြုတဲ့အနေနဲ့ ကျနော်တို့က သင့်တော်တဲ့အဖိုးတစ်ခုကို သတ်မှတ် ပြီးတော့ပေးတာပါ။ ငွေကတော့သိပ်မများပေမယ့် အသိအမှတ်ပြုတဲ့အနေနဲ့ ဂုဏ်ပြုချီးမြှင့်ပေးတာ ဖြစ်ပါတယ် "ဟု ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောသည်။

Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
ရှေးဟောင်းဒင်္ဂါးပြားများရရှိသူ အမျိုးသမီးအား ပြည်နယ်အစိုးရမှ ကျပ်ငွေ ၁၂ သိန်းချီးမြှင့် ရှေးဟောင်းဒင်္ဂါးပြားများရရှိသူ အမျိုးသမီးအား ပြည်နယ်အစိုးရမှ ကျပ်ငွေ ၁၂ သိန်းချီးမြှင့် Reviewed by THITHTOOLWIN on 20:16 Rating: 5
Powered by Blogger.