ခရီးသည်တင် စီးတီးဘတ်စ်ယာဉ် အပ်နှံခွင့် များပြားလာခြင်းကြောင့် စလစ်ဈေးနှုန်း ကျဆင်း


ရန်ကုန် မတ် ၂၇

ပြည်တွင်းရှိ ခရီးသည်တင် စီးတီးဘတ်စ်ယာဉ်များကို အပ်နှံခွင့်ပြုသည့် အရေအတွက်များလာခြင်းကြောင့် စလစ်များမှာ ဈေးနှုန်း ငွေကျပ် ၁ဝ သိန်းကျော်အထိ ကျဆင်းနေကြောင်း မော်တော်ယာဉ်တင်သွင်း ရောင်းချသူများ ထံမှ သိရသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ၁၉၉၅ မော်ဒယ်အောက် စီးတီးဘတ်စ်ဒိုင်နာယာဉ်များနှင့် မီနီဘတ်စ်ယာဉ် များကို ယာဉ်အိုယာဉ်ဟောင်းအဖြစ် အပ်နှံခွင့်ပေးကာ လူစီးစလစ်များ ထုတ်ပေးလျက်ရှိပြီး အဆိုပါ ယာဉ်များကို ယခုလအတွင်း အပ်နှံခွင့်ပေးလိုက်သည့် အရေအတွက် များပြားလာသဖြင့် ဈေးကွက်၌ စလစ်များ လိုအပ်ချက် နည်းလာပြီး ဈေးနှုန်းဆက်တိုက် ကျဆင်းလျက် ရှိသည်။

''စလစ်ကပ်ရမယ့်ကားတွေလည်း နည်းသွားတယ်။ ခရီးသည်တင်ယာဉ်တွေကို အပ်နှံခွင့်ပြုလိုက်တဲ့ တော်တော်လေး များလာတယ်။ ဒါကြောင့် စလစ်လိုအပ် ချက်က အရင်လောက် သိပ်မရှိတော့လို့ အခုရက်ပိုင်း ဈေးတွေကျလာတာပါ'' ဟု မော်တော်ယာဉ်တင်သွင်းရောင်းချနေသူ တစ်ဦးကပြောသည်။

ယခင်က အမည်ပေါက်စလစ် တစ်စောင်လျှင် ငွေကျပ် ၁၁၈ သိန်းအထိရှိပြီး လက်ရှိတွင် စလစ်တစ်စောင်လျှင် ငွေကျပ် ၁ဝ၇ သိန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

၁၉၉၅ မော်ဒယ်အောက် ခရီးသည်တင် ယာဉ်များ အပ်နှံရန် ယာဉ်အစီးရေ ၂၄ဝဝ ကျော်ကို အပ်နှံခွင့်ပြုခဲ့ပြီး ယာဉ်အိုယာဉ်ဟောင်း အပ်နှံပြီးစီးသည့် ယာဉ်အစီးရေ ၁၁ဝဝ ရှိခဲ့ကာ ထပ်မံအပ်နှံရန် ယာဉ်အစီးရေ ၁၃ဝဝ ကျန်ရှိနေကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia
ခရီးသည်တင် စီးတီးဘတ်စ်ယာဉ် အပ်နှံခွင့် များပြားလာခြင်းကြောင့် စလစ်ဈေးနှုန်း ကျဆင်း ခရီးသည်တင် စီးတီးဘတ်စ်ယာဉ် အပ်နှံခွင့် များပြားလာခြင်းကြောင့် စလစ်ဈေးနှုန်း ကျဆင်း Reviewed by THITHTOOLWIN on 14:53 Rating: 5
Powered by Blogger.