စီးပွားဖြစ်မဏ္ဍပ်တွေ ခွင့်မပြု

( ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို မတ်လ ၂၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ် ) Photo: Thiha Tun/RFA
ဒီနှစ် ရန်ကုန်မြို့မှာ ကျင်းပမယ့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်မှာ စီးပွားဖြစ်ရေကစားမဏ္ဍပ်တွေကို လုံးဝခွင့်ပြုသွားမှာ မဟုတ်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောလိုက်ပါတယ်။

၂ဝ၁၇ ခုနှစ် ရန်ကုန်မြို့ မဟာသင်္ကြန်ပွဲ ကျင်းပရေးနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ဒီကနေ့ကျင်းပတဲ့ သတင်စာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထွက်ရှိခဲ့တဲ့ သတင်းဂျာနယ် စာစောင်တချို့မှာ ရန်ကုန်မြို့မှာ စီးပွားဖြစ် သင်္ကြန်မဏ္ဍပ်တွေကို ပြန်လည်ခွင့်ပြုတော့မယ်လို့ ရေးသားမှုတွေရှိခဲ့တဲ့အတွက် ပြန်လည်ဖြေရှင်းချင်တာကြောင့် အခုလို သတင်းစာရှင်းလင်းပွဲ အမြန်ကျင်းပရတာလို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

သင်္ကြန်ဖျော်ဖြေရေး မဏ္ဍပ်တွေကို သုဝဏ္ဏအားကစားကွင်း၊ ရွှေထွဋ်တင်ကွင်းနဲ့ ပြည်သူ့ရင်ပြင်မှာ ခွင့်ပြုသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောပါတယ်။ အဲဒီအတွက် အစိုးရအဖွဲ့ကို သီးခြား ခွင့်ပြုချက် လျှောက်ထားရမှာဖြစ်ပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သင်္ကြန်သံချပ်တွေကို လူမျိုးရေး ဘာသာရေး အမုန်းစကားတွေ မဖြစ်ပေါ်စေဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စိစစ်ခြင်းဖြစ်ကြောင်းနဲ့ အစိုးရကို သရော်တာ ချစ်ခင်စဖွယ် ဝေဖန်ထောက်ပြတာကို ကြိုဆိုတယ်လို့ ပြောပါတယ်။

သင်္ကြန်ကာလအတွင်း ခရီးသွားသူများပြီး ကားနည်းတဲ့အတွက်အခက်အခဲကြုံနေရတာတွေရှိကြောင်း၊ ဒါကြောင့် သတ်မှတ်ထားတဲ့ ယာဉ်လိုင်းထပ်တိုးပြီး ပြေးဆွဲပေးနိုင်ဖို့ စီမံဆောင်ရွက်နေကြောင်းနဲ့ ယာဉ်စီးခ ဈေးနှုန်းတိုးပြီး တောင်းခံမှုတွေကို ထိထိရောက်ရောက် ဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်က သတိပေးခဲ့ပါတယ်။

လက်ရှိအချိန်အထိ ရေပက်ကစားဖို့ လာရောက်လျှောက်ထားတဲ့ သင်္ကြန်မဏ္ဍပ်ကြီး ၆ ခုနဲ့ အလတ်စားမဏ္ဍပ် တစ်ခုရှိတယ်လို့လည်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ကပြောပါတယ်။

အင်းလျားလမ်းနဲ့ ကန်တော်ကြီး ကန်ပတ်လမ်းတွေမှာ သင်္ကြန်မဏ္ဍပ်တည်ဆောက်ခွင့်မပြုမှာ မဟုတ်သလို ရေကစားချိန်ကို လည်း မနက် ၈ နာရီကနေ ၁၂ နာရီအထိ၊ နေ့လည် ၃ နာရီကနေ ညနေ ၆ နာရီအထိ သတ်မှတ်ထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့က နှလုံးခွဲစိတ်ကုသမှု ခံယူခဲ့ရတဲ့အတွက် အနားယူခဲ့ရပြီး မနေ့ကမှ တာဝန်ပြန်လည်ထမ်းဆောင်နေတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
စီးပွားဖြစ်မဏ္ဍပ်တွေ ခွင့်မပြု စီးပွားဖြစ်မဏ္ဍပ်တွေ ခွင့်မပြု Reviewed by THITHTOOLWIN on 15:58 Rating: 5
Powered by Blogger.