သမ္မတထရမ့်ရဲ့ ပြည်ဝင်ခွင့် ကန့်သတ်မိန့် ဟာဝိုင်ယီ တရားသူကြီး ဆက်လက် ဆိုင်းငံ့


အမေရိကန်နိုင်ငံ ဟာဝိုင်ယီ ပြည်နယ်က ပြည်ထောင်စု တရားသူကြီးက သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပြည်ဝင်ခွင့် ပိတ်ပင်မှု အမိန့် သစ်ကို ကာလ အတိုင်းအတာ သတ်မှတ်မှု မရှိ ဆက်လက် ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

တရားသူကြီး ဒဲရစ်ဝပ်ဆင်ရဲ့ အခု ဆုံးဖြတ်ချက်ကြောင့် ဒီ ကိစ္စကို တရားရုံးမှာ ကြားနာစစ်ဆေးနေတုန်းမှာ သမ္မတထရမ့်ဟာ မွတ်ဆလင် ၆ နိုင်ငံ က နိုင်ငံသားတွေကို ပြည်ဝင်ခွင့် ပိတ်ပင်တဲ့ မူဝါဒကို အတင်းအကျပ် အကောင်အထည် ဖော်နိုင်မှာ မဟုတ်တော့ပါဘူး။

မတ်လ ၆ ရက်နေ့က သမ္မတ အခွင့်အာဏာနဲ့ ဒုတိယ အကြိမ် ထုတ်ပြန်ခဲ့တဲ့ မစ္စတာ ထရမ့်ရဲ့ ခရီးသွားလာခွင့် ကန့်သတ်မှုမှာ အီရန်၊ လစ်ဗျား၊ ဆီးရီးယား၊ ဆိုမာလီးယား၊ ဆူဒန်နဲ့ ရီမင် နိုင်ငံသားတွေကို ရက် ၉၀ ကြာ ပြည်ဝင်ခွင့် ပိတ်ပင်မှုနဲ့ ရက် ၁၂၀ ကြာ ဒုက္ခသည်လက်ခံမှု ရပ်တန့်တာ ပါဝင်ပါတယ်။

သမ္မတ ထရမ့်က သူ့ရဲ့ ပြည်ဝင်ခွင့် ကန့်သတ်မှု မူဝါဒဟာ အကြမ်းဖက်သမားတွေ တိုင်းပြည်ထဲကို ဝင်မလာနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒါဟာ တိုင်းပြည်ရဲ့ နိုင်ငံတကာ ခရီးသွားလုပ်ငန်း၊ နိုင်ငံခြားသား ကျောင်းသားနဲ့ ကျွမ်းကျင်လုပ်သား ရှာဖွေမှုတွေကို ထိခိုက်နိုင်တယ်လို့ ဝေဖန်ခံရသလို လူမျိုး၊ ဘာသာကို အခြေခံပြီး ပြည်ဝင်ခွင့် ပိတ်ပင်တဲ့ သဘောဆောင်နေလို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကလည်း အမေရိကန် တဝှမ်း ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။

ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese
သမ္မတထရမ့်ရဲ့ ပြည်ဝင်ခွင့် ကန့်သတ်မိန့် ဟာဝိုင်ယီ တရားသူကြီး ဆက်လက် ဆိုင်းငံ့ သမ္မတထရမ့်ရဲ့ ပြည်ဝင်ခွင့် ကန့်သတ်မိန့် ဟာဝိုင်ယီ တရားသူကြီး ဆက်လက် ဆိုင်းငံ့ Reviewed by THITHTOOLWIN on 16:39 Rating: 5
Powered by Blogger.