ကျောက်တော်တွင် ဆီဆိုင်ခန်း ၄၁ ခန်းနှင့် သာမန်ဆိုင်ခန်း ၄ ခန်း မီးလောင်၊ ကျပ် သိန်း ၄၉၀၀ ဖိုးဆုံးရှုံး


စစ်တွေ၊ မတ် ၁၅

ရခိုင်ပြည်နယ် ကျောက်တော်မြို့အဝင်ရှိ စက်သုံးဆီအရောင်းဆိုင်တန်းတွင် ယနေ့ ညနေ ၆ နာရီခွဲခန့်က စတင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆီဆိုင်ခန်း ၄၁ ခန်းနှင့် သာမန် ဆိုင်ခန်း ၄ ခန်း မီးလောင်ကျွမ်း သွားခဲ့သည်ဟု ကျောက်တော်မြို့နယ် ရဲမှူးက ပြောသည်။

မီးလောင်ကျွမ်းရာတွင် ဆီဆိုင်၄၁ ဆိုင်နှင့် အတူ လဘက်ရည်ဆိုင် ၂ ဆိုင်၊ ကားဝပ်ရှော့ တစ်ခု အပါအ၀င် ဆိုင်ကယ်ဝပ်ရှော့နှင့် အပိုင်ပစ္စည်းဆိုင် တစ်ဆိုင်တို့ပါဝင်သွားခဲ့သည်။

" ဆုံးရှုံးပမာဏက ကျပ်သိန်း ၄၉၀၀ ဖိုးရှိပါတယ်။ ဒီကနေ့ ညနေ ၆ နာရီခွဲမှာ စလောင်ပါတယ်။ ၈ နာရီခွဲမှာ မီးညွှန့်ကျိုးပါတယ်။ ၉ နာရီ ၁၅ မိနစ် မှာ အပြီးသတ် မီးငြိမ်းသတ်နိုင်ပါတယ်” ဟု မြို့နယ် ရဲမှူးက နိရဉ္စရာသို့ ပြောဆိုသည်။


မီးသည် ဆီဘောက်ဆာမှတစ်ဆင့် ဆီထည့်ရာမှ ဆီပီပါ ပေါက်ကွဲလောင်ကျွမ်းခြင်း ဖြစ်ကြောင်း၊ ဆီဆိုင်ပိုင်ရှင်မှာ ကျောက်တော် ဒေသခံ ဦးထွန်းမြင့် ဖြစ်ကြောင်း၊ သူ့အား မီးပေါ့ဆမှုဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း ရဲမှူးက ပြောဆိုသည်။

“ မီးငြိမ်းသတ်တာကတော့ ကျောက်တော်မှ မီးသတ်ကား ၂ စီး၊ မြောက်ဦးမြို့မှ မီးသတ်ကား ၃ စီး၊ ရဲတပ်ဖွဲ့အင်အား ၅၀ ၊ မီးသတ်အင်အား ၃၀၊ တပ်မတော်အင်အား ၄၅၀၊ ပြည်သူတွေအင်အားနဲ့ ၀ိုင်းဝန်း မီးငြိမ်းသတ်ခဲ့ရပါတယ်” ဟု ပြောဆိုသည်။

မီးလောင်မှုကြောင့် ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း သိရှိရသည်။

မီးလောင်ရာသို့ ည ၉ နာရီ အချိန်ခန့်တွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုနှင့် အစိုးရအဖွဲ့ဝင် တာဝန်ရှိသူ လူကြီးများလည်း ရောက်ရှိလာခဲ့ကြသည်ဟု သိရသည်။

(ဓာတ်ပုံ- အာရီယမ်ပို့စ်)
Narinjara
https://www.facebook.com/Narinjara
ကျောက်တော်တွင် ဆီဆိုင်ခန်း ၄၁ ခန်းနှင့် သာမန်ဆိုင်ခန်း ၄ ခန်း မီးလောင်၊ ကျပ် သိန်း ၄၉၀၀ ဖိုးဆုံးရှုံး  ကျောက်တော်တွင် ဆီဆိုင်ခန်း ၄၁ ခန်းနှင့် သာမန်ဆိုင်ခန်း ၄ ခန်း မီးလောင်၊ ကျပ် သိန်း ၄၉၀၀ ဖိုးဆုံးရှုံး Reviewed by THITHTOOLWIN on 00:00 Rating: 5
Powered by Blogger.