ရန်ကုန်မြို့သစ် စီမံကိန်းတွင် ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးကို အစိုးရဘက်တွင် ထည့်သွင်းခြင်းသည် သဘာဝ မကျခြင်းကြောင့် လွှတ်တော်ကန့်ကွက်


“အစိုးရက စီးပွားရေးမလုပ်တတ်ရင် ရင်းနှီးမြှုပ်နှံမှုမှာ ၀င်ရောက်မလုပ်ကိုင် ပါနဲ့ ဆုံးရှုံးသွားရင် ဒါပြည်သူ့ငွေတွေပါ” ဟု ဒေါ်စန္ဒာမင်းပြောကြား

ရန်ကုန်မြို့သစ်စီမံကိန်းအား စတင်ရန် မသင့်သေးကြောင်းနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးကို အစိုးရဘက်တွင် ထည့်သွင်းခြင်းသည် သဘာဝ မကျခြင်းကြောင့် လွှတ်တော်အနေဖြင့် ကန့်ကွက်ကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရ စီမံကိန်းဥပဒေကြမ်း နှင့်ပတ်သက်၍ မတ်လ ၂၃ ရက် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးပြောကြားခဲ့သည်။

“ရန်ကုန်မြို့သစ် စီမံကိန်းကို ၁-၄-၂၀၁၇ မှာ လုပ်ငန်းစတင်မယ်ဆိုတာ ရင်းနှီးမြှုပ်နှံမှု ငွေကြေးအပိုင်းကရော၊ စနစ်တကျ Business Plan ရေးဆွဲထားတာ မရှိသေးတဲ့အတွက် မစတင်သင့်သေးပါဘူး၊ ကျွန်မတို့ကို စီမံကိန်းဝန်ကြီးက တင်ပြထားတာ ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရဘက်က ၅၁ ရာခိုင်နှုန်းယူပြီး သက်ဆိုင်ရာ ၀န်ကြီးများက တာဝန်ခံပါ မယ်လို့ ပြောထားပါတယ်။ အစိုးရဘက်က ပြည်သူ့ဘဏ္ဍာငွေ များနဲ့ ရင်းနှီးမြှုပ်နှံမှုကို ဦးဆောင်ပြီး ဆောင်ရွက်ပေးမယ်ဆိုလို့ ယုံကြည်ပါတယ်။ သို့သော် အစိုးရ၀န်ကြီးများ စီးပွားရေး မလုပ်တတ်မှာဆိုးလို့ ဆိုပြီး ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးကို အစိုးရဘက်ခြမ်းမှာ ထည့်ဖို့ စဉ်းစားနေတာကတော့ သဘာဝမကျသလို ဖြစ်လည်း မဖြစ်သင့်ပါဘူး။ ဒါကိုတော့ လွှတ်တော်အနေနဲ့ ကန့်ကွက်ပါတယ်၊ အစိုးရက စီးပွားရေး မလုပ်တတ်ရင် ရင်းနှီးမြှုပ်နှံမှုမှာ ၀င်ရောက်မလုပ်ကိုင်ပါနဲ့။ ဆုံးရှုံးသွားရင် ဒါပြည်သူ့ငွေတွေပါ” ဟု ဒေါ်စန္ဒာမင်းက ပြောသည်။

ထို့အတူ မြို့သစ်စီမံကိန်းနှင့် ပတ်သက်၍ ယခင်အစိုးရနှင့် သဘောတူညီချက် ယူထားသည့် လုပ်ငန်းရှင် သုံးဦးသည်လည်း မည်သည့် အခန်းကဏ္ဍတွင် ပါဝင်မည်ကို လွှတ်တော်ကို အသိပေးရန် တောင်းဆိုကြောင်းလည်း ဒေါ်စန္ဒာမင်းက ပြောကြားခဲ့သည်။

စီမံကိန်းဥပဒေကြမ်း၏ အခန်း ၂ ရည်မှန်းချက်များတွင် ဖော်ပြထားသည့် တိုင်းဒေသကြီးအစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများသည် စီမံကိန်းများ တင်ပြဆောင်ရွက်ရာတွင် သတ်မှတ်ထားသော အင်္ဂါရပ်များ၊ ဆန်းစစ်ချက်များ ပြည့်စုံမှသာ ဆောင်ရွက်ရမည်ဟု ဖော်ပြထားသည့်အတိုင်း အမှန်တကယ် ပြည့်စုံခိုင်မာမှုရှိမှသာ ရန်ကုန်မြို့သစ် စီမံကိန်းကြီးအား လွှတ်တော်သို့ တင်ပြဆောင်ရွက်ကြရန် ဒေါ်စန္ဒာမင်းက ဆွေးနွေးခဲ့သည်။

ဇော်မင်းထွန်း
The Ladies News
https://www.facebook.com/News.TheLadies/
ရန်ကုန်မြို့သစ် စီမံကိန်းတွင် ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးကို အစိုးရဘက်တွင် ထည့်သွင်းခြင်းသည် သဘာဝ မကျခြင်းကြောင့် လွှတ်တော်ကန့်ကွက် ရန်ကုန်မြို့သစ် စီမံကိန်းတွင် ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးကို အစိုးရဘက်တွင် ထည့်သွင်းခြင်းသည် သဘာဝ မကျခြင်းကြောင့် လွှတ်တော်ကန့်ကွက် Reviewed by THITHTOOLWIN on 18:35 Rating: 5
Powered by Blogger.