ရဲတပ်ဖွဲ့ဝင်များကို ဓားနဲ့ လိုက်ခုတ်သူကို သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီး


ရန်ကုန်၊ မတ် ၂၂

ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းကျေးရွာ၊
သဒ္ဒါ ၂ လမ်းပေါ်တွင် မတ်လ ၂၂ ရက်နေ့ ဒီကနေ့ ညနေ ၄ နာရီခန့် က အရက်သေစာသောက်စား မူးယစ်ကာ ဓားကိုင်ရမ်းကားနေသူကို ရဲတပ်ဖွဲ့ဝင်များ ထိန်းသိမ်းစဉ် ရဲတပ်ဖွဲ့ဝင်များအား ဓားဖြင့် အန္တရာယ်ပြုခုခံသဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး ခဲ့ရကြောင်း သိရပါသည်။


၂၂.၃.၂၀၁၇ ရက်နေ့ ၁၆၀၀ အချိန်ခန့်တွင် သန်လျင်မြို့မရဲစခန်းမှတပ်ဖွဲ့ ၀င်များသည် ကျူးကျော်စာရင်းကောက်ယူမှုအား လုံခြုံရေး လိုက်ပါဆောင်ရွက်နေစဉ် သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းကျေးရွာ၊ သဒ္ဒါ ၂ လမ်းပေါ်တွင် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့က ၁၉၆၁ခုနှစ်၊ ပြစ်မှုကျူးလွန်တတ်သူများခြေချုပ်နှင့် ခံဝန်အက်ဥပဒေပုဒ်မ၅(၁)(စ)(ဆ)ဖြင့် အရေးယူခြင်း ခံထားရသူ ၀တုတ်(ခ) အောင်ထွန်းလင်း၊ (၂၆)နှစ်သည် အရက်သေစာသောက်စားမူးယစ်ပြီး ဓားကိုင်ရမ်းကားနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်ထိန်းသိမ်းခဲ့ပါသည်။

 အဆိုပါနေရာ အရောက် ၀တုတ်(ခ) အောင်ထွန်းလင်းမှ ၎င်း၏လက်နှစ်ဘက်တွင် အသားလှီးဓားတစ်ချောင်းစီအား ကိုင်ဆောင်၍ ရဲတပ်ဖွဲ့ဝင်များအား အန္တရာယ်ပြုရန်ပြေးလာပြီးဓားဖြင့်ခုတ်၍ သေနတ်ကိုင်ရဲတပ်ဖွဲ့ဝင်မှ ၁၂ဘို့ Pump Action ပြောင်းချောသေနတ်ဖြင့်ခြောက်လှန့်ကာ ၁ ချက်ပစ်ခတ်သော်လည်း ရပ်တန့်ခြင်းမရှိဘဲဆက်လက်၍ အန္တရာယ်ပြုသဖြင့် သေနတ် ၃ ချက်ပစ်ခတ်ကာ ထိန်းသိမ်းဖမ်းဆီးခဲ့ရပါသည်။

ဖမ်းဆီးရမိသူ ၀တုတ်(ခ)အောင်ထွန်းလင်းအားရှာဖွေရာ ပလပ်စတစ်အိတ် အကြည်ပတ်လျက်ခဲပြား အသေး ၁ ခုနှင့် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁ ပြား၊ မီးခြစ် ၁ လုံးတို့အားရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ပါသည်။

ယင်းသို့ ရဲတပ်ဖွဲ့ဝင်များအားရန်ပြုခုခံသူ ၀တုတ်(ခ)အောင်ထွန်းလင်းအား သန်လျင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မဖြင့်လည်းကောင်း၊ လက်နက်အက်ဥပဒေပုဒ်မတို့ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ရဲတပ်ဖွဲ့ဝင်များကို ဓားနဲ့ လိုက်ခုတ်သူကို သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီး ရဲတပ်ဖွဲ့ဝင်များကို ဓားနဲ့ လိုက်ခုတ်သူကို သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီး Reviewed by THITHTOOLWIN on 22:13 Rating: 5
Powered by Blogger.