ကြော်ငြာသည့်အတိုင်း အကျိုးဆက်ကို တာဝန်ယူရမည်၊ သရုပ်လွန်ကြော်ငြာမှုများကို တိုင်ကြားနိုင်


“သွားတိုက်ဆေးကြော်ငြာတယ်။ သွားတွေမှာ မီးလင်းလက်သွားတယ်။ စားသောက်ကုန်တခု စားလိုက်တယ် ကလေးကချက်ချင်းကြီးထွားသွားတယ် …”

စီးပွားရေးလုပ်ငန်းရှင်များ၊ ကြော်ငြာရှင်များအနေဖြင့် ထုတ်ကုန်ပစ္စည်းများ ဈေးကွက်ရရှိရေးအတွက် ကြော်ငြာရာတွင် ကြော်ငြာတွင်ပါရှိသည့်အတိုင်း အကျိုးဆက်ကို တာဝန်ယူရမည်ဖြစ်ပြီး သရုပ်လွန်ကြော်ငြာမှုများကို တိုင်ကြားနိုင်ကြောင်း မန္တလေး တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ ဌာနခွဲတာဝန်ခံ ဦးဇော်မင်းက ပြောကြားသည်။

စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၄ ပြဋ္ဌာန်းချက်အရ စားသုံးသူနစ်နာမှုများအတွက် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ကို ဖွဲ့စည်းကာ ဖြေရှင်းပေးနေရာတွင် ကြော်ငြာများနှင့်ပတ်သက်၍ တိုင်ကြားဖြေရှင်းပေးရမှု မရှိသေးဟု ဆိုသည်။

''ကြော်ငြာတွေမှာ မိမိအကျိုးဆက် တာဝန်ယူရမည်လို့ ဥပဒေမှာ ပြောထားတယ်။ သွားတိုက်ဆေးကြော်ငြာတယ်။ သွားတွေမှာ မီးလင်းလက်သွားတယ်။ စားသောက်ကုန်တခု စားလိုက်တယ် ကလေးကချက်ချင်းကြီးထွားသွားတယ်။ စားသုံးသူကို ဖြားယောင်းတာဆိုရင် ကျွန်တော်တို့ဆီ တိုင်ကြားနိုင်ပြီး အရေးယူလို့ ရတယ်''ဟု ပြောသည်။

ဥပဒေအရ မိမိတို့ကြော်ငြာ၏ အကျိုးဆက်များကို တာဝန်ယူရန်၊ သတင်းအချက်အလက် ပြည်စုံခိုင်မာမှုမရှိ ချဲ့ကားဖော်ပြမှုများဖြင့် ကြော်ငြာခြင်းနှင့် အရောင်းမြှင့်တင်ခြင်းမပြုရန်၊ အန္တရာယ်ရှိမှုအား အသိပေးခြင်းမရှိဘဲ မကြော်ငြာရန်၊ ဥပဒေပြဋ္ဌာန်းချက်များ၊ လူမှုကျင့်ဝတ်များဖောက်ဖျက်သည့် ကြော်ငြာမပြုလုပ်ရန်၊ သက်ဆိုင်သူခွင့်ပြုချက်မရှိဘဲ တစုံတဦး(သို့မဟုတ်) အဖြစ်အပျက်တခုအပေါ် အသုံးပြုကြော်ငြာခြင်းမပြုရန်၊ အာမခံပေးထားမှုအပေါ် လိမ်လည်ထားသော ကြော်ငြာများ မကြော်ငြာရဟူ၍ အသိပညာပေးထားခြင်းဖြစ်သည်။

''ဌာနအနေနဲ့ ပညာပေးက အမြဲလုပ်နေပြီး တိုင်ကြားလာရင်ဖြေရှင်းတယ်။ အမေရိကန်မှာတောင် ဒီနေ့ထိ ပညာပေးလုပ်တုန်းပါ။ စားသုံးသူအငြင်းပွားမှုဖြေရှင်း ရေအဖွဲ့က ဖြေရှင်ပေးတယ်။ ဥပမာ ဆိုင်ကယ်ကြော်ငြာတယ်ဆိုပါစို့။ တူနဲ့ထုပြတော့ မကွဲဘူး။ တကယ်ခွဲလိုက်ရင် ကွဲသွားမယ်။ ဒါမျိုးက ကိုယ့်အကျိုးဆက် တာဝန်ယူရမယ်ဆိုတာက ကြော်ငြာမှုနဲ့ ကိုက်ညီရမယ်ဆိုလိုတာ''ဟု ၎င်းက ဆက် လက်ပြောကြားသည်။

သရုပ်လွန်ကြော်ငြာသည့် ကုန်ပစ္စည်းများကို တိုင်ကြားမှုရှိပါက စားသုံးသူနစ်နာဆုံးရှုံးမှုအပေါ်မူတည်၍ ဈေးကွက်အတွင်းမှ သိမ်းဆည်းခြင်း၊ လုပ်ငန်းလိုင်စင်ကို ယာယီ(သို့မဟုတ်) အပြီး ရုပ်သိမ်းခြင်းစသဖြင့် အရေးယူလုပ်နိုင်ကြောင်း၊ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၃ နှစ် (သို့မဟုတ်) ဒဏ်ငွေကျပ်သိန်း ၅၀ (သို့မဟုတ်) နှစ်ရပ်လုံးဖြစ်စေ ပြစ်ဒဏ် ချမှတ်နိုင်ကြောင်း သိရသည်။

လက်ရှိအခြေအနေ၌ ကြော်ငြာနှင့် ပတ်သက်သည့် အရေးယူမှုမရှိသေးသော်လည်း ကုန်စည်ပိုင်းတွင် ဖြေရှင်းပေးခဲ့မှုများရှိကြောင်း စားသုံးသူကနစ်နာမှုအပေါ် တိုင်ကြားလာပါက လုပ်ငန်းရှင်အား ခေါ်ယူပြီး အငြင်းပွားမှုဖြေရှင်းပေးရာမှ ပြေလည် သွားမှုများလည်းရှိသည်ဟု ဆိုသည်။

ခိုင်ဆက်ဝေ
News Watch
https://www.facebook.com/NewsWatchJournal/
ကြော်ငြာသည့်အတိုင်း အကျိုးဆက်ကို တာဝန်ယူရမည်၊ သရုပ်လွန်ကြော်ငြာမှုများကို တိုင်ကြားနိုင် ကြော်ငြာသည့်အတိုင်း အကျိုးဆက်ကို တာဝန်ယူရမည်၊ သရုပ်လွန်ကြော်ငြာမှုများကို တိုင်ကြားနိုင် Reviewed by THITHTOOLWIN on 14:48 Rating: 5
Powered by Blogger.