တောင်ဒဂုံ အိမ်အလုံးလိုက် ခိုးယူသွားမှုဖြစ်စဉ်မှ တရားခံအား ဖမ်းဆီးရမိ


ယခု ရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့နေသော ဒဂုံမြို့သစ်(တောင်ပိုင်း) ၂၅ ရပ်ကွက်၊ ပြည်ထောင်စုလမ်းမ၊ ၁၁ ပန်းခြံရှေ့ရှိ ပျဉ်းကတိုးခင်း၊ သွပ်မိုးနေအိမ်အား အလုံးလိုက်ခိုးယူသွားမှုဖြစ်စဉ်မှ ကျူးလွန်သူတရားခံအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း သက်ဆိုင်ရာအပိုင်နယ်မြေရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ မတ် ၁၈ရက်က အခင်းဖြစ်နေအိမ်ပိုင်ရှင်သည် ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ပြည်ထောင်စုလမ်းမပေါ်ရှိ လွန်ခဲ့သည့် ၁၀နှစ်ခန့်ကတည်းက၀ယ်ယူထားသော နေအိမ်(အဟောင်း)ရှေ့မှ အသွား၊ အလာပြုလုပ်စဉ် ကြည့်ရှုရာ အိမ်အလုံးလိုက် ပျောက်ဆုံးနေကြောင်း တွေ့ရှိရခြင်းဖြစ်သည်။ အနီးအနားပတ်ဝန်းကျင်ရှိ နေထိုင်သူများအား စုံစမ်းမေးမြန်းရာ ထိုအိမ်အား မတ် ၁၇ ရက် နံနက်ပိုင်းက လူ ၁၀ ဦးခန့်က လာရောက်ဖျက်ဆီးကာ ကင်တာကားဖြင့် သယ်ဆောင်သွားသည်ကို သိရှိခဲ့ရပြီး ထိုဖြစ်စဉ်အား တောင်ဒဂုံ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သည်။


နေအိမ်အား ဖျက်၍ သစ်များ သယ်ဆောင်သွားသည့် ကားလမ်းတစ်လျှောက်ရှိ CCTVမှတ်တမ်းများအား စစ်ဆေးရာမှ သဲလွန်စရခဲ့ပြီး ထိုနေအိမ်အား ဥာဏ်ထွန်းခေါ် ကုလားပု (၃၃)နှစ်မှ သံလျင်ဘုရားကုန်း မှတ်တိုင်အနီးရှိ သစ်အဟောင်း အရောင်းအ၀ယ် လုပ်ကိုင်နေသူ ဦးငယ်လေး ဆိုသူထံ ထိုအိမ်ကို လက်ညှိးထိုးပြပြီး ငွေကျပ်ဆယ်သိန်းဖြင့် အရောင်းအ၀ယ် လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


အရောင်းအ၀ယ် တည့်ပြီးနောက် ဦးငယ်လေးမှ ၀ယ်ယူပြီး နေအိမ်အား ဖျက်ယူကာ သံလျင် ဘုရားကုန်းသို့ သယ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း တရားခံ ကုလားလေး၏ ထွက်ဆိုချက်အရ သိရသည်။

အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ တောင်ဒဂုံ မြို့နယ် ရဲစခန်းမှ (ပ)၃၂၂/၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၇၉ဖြင့် အမှုဖွင့်၍ စုံစမ်းစစ်ဆေးခြင်း၊ ၀ယ်ယူသူထံမှ သစ်များပြန်သိမ်းခြင်းတို့ကို ရဲလုပ်ထုံးလုပ်နည်းနှင့်အညီ စစနစ်တကျ ဆောင်ရွက်နေပြီး တရားခံ ဥာဏ်ထွန်းခေါ် ကုလားပုကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ရွှေကသစ်(စမ်းချောင်း)
News Watch
https://www.facebook.com/NewsWatchJournal
တောင်ဒဂုံ အိမ်အလုံးလိုက် ခိုးယူသွားမှုဖြစ်စဉ်မှ တရားခံအား ဖမ်းဆီးရမိ တောင်ဒဂုံ အိမ်အလုံးလိုက် ခိုးယူသွားမှုဖြစ်စဉ်မှ တရားခံအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 19:29 Rating: 5
Powered by Blogger.