ဒေါ်အောင်ဆန်းစုကြည်နေရာကို ဦးဖြိုးမင်းသိန်းဆက်ခံမည်ဟု ထင်ကြေးပေးခံရ


ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏နေရာကိုဆက်ခံမည့် ကိုယ်စားလှယ်လောင်းဖြစ်ကြောင်း Nikkei Asian Review က ရေးသားဖော်ပြသည်။ အဆိုပါသတင်းဌာနက “Yangon politician emerges as possible SuuKyi successor” ခေါင်းစဉ်ဖြင့်ရေးသားသောသတင်းဆောင်းပါး၌ ဒေါ်အောင်ဆန်းစုကြည်၏ အရိုက်အရာကို ဆက်ခံနိုင်မည့်သူအဖြစ် ဦးဖြိုးမင်းသိန်းအား တစ်ကြိုပေးခဲ့ခြင်းဖြစ်သည်။

အသက် ၄၇ နှစ်အရွယ် ဦးဖြိုးမင်းသိန်းသည် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြစ်လာချိန် ၂၀၁၆ ဧပြီမှစ၍ ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှုနှင့် မြို့ပြပြဿနာများကို သွက်လက်တက်ကြွစွာဖြေရှင်းနေပြီး ပြည်ပမှလုပ်ငန်းများ ရန်ကုန်သို့ ၀င်ရောက်လာရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ယာဉ်ကြောကျပ်တည်းမှုနှင့် ဘတ်စ်ကားဟောင်းများကို လမ်းမများပေါ်မှ အပြီးသတ်ဖယ်ရှားရန် ဇန်န၀ါရီ ၁၆ မှစ၍ YBS အများပိုင်ဘတ်စ်ကားလိုင်းဖြင့် အစားထိုးပြေးဆွဲစေခဲ့ကြောင်း၊ ယင်းအပြောင်းအလဲကြောင့် ဘတ်စ်ကားစီးရေ ၂၀၀၀ ယခင်ထက် ထက်ဝက်ခန့် လျှော့ချနိုင်ခဲ့ကြောင်း၊ ဘတ်စ်ကားစီးရေးလျော့ချလိုက်ခြင်းကြောင့် အချို့နေရာများတွင် အခက်အခဲနှင့် ကြုံတွေ့ရသော်လည်း ၀န်ကြီးချုပ်အနေဖြင့် ရန်ကုန်မြို့ ပို့ဆောင်ရေးစနစ် ပြုပြင်ပြောင်းလဲမှုကိုဆက်လက်ဖော်ဆောင်လျက်ရှိပြီး မြို့တွင်းသို့ဝင်မည့်တက္ကစီစီးရေကိုလည်း ထိန်းချုပ်မည်ဟုပြောကြားထားကြောင်း အဆိုပါဆောင်းပါးတွင် ရေးသားထားသည်။

ဦးဖြိုးမင်းသိန်း၏ကြိုးပမ်းဆောင်ရွက်မှုများသည် သယ်ယူပို့ဆောင်ရေးကဏ္ဍတခုတည်းတွင်သာမဟုတ်ဘဲ ယခင်အစိုးရလက်ထက်ကဆောက်လုပ်ခွင့်ပြုခဲ့သောအထပ်မြင့်အဆောက်အဦ ၂၀၀ ခန့်ကိုလည်းဥပဒေနှင့်ညီညွတ်ခြင်းရှိ/မရှိစိစစ်ရန် ၆ လခန့် ဆိုင်းငံ့ခဲ့ကြောင်း၊ ဦးဖြိုးမင်းသိန်း၏ယင်းဆုံးဖြတ်ချက်ကြောင့် တရားဥပဒေနှင့်မညီဘဲ ဆောက်လုပ်နေသော အထပ်မြင့်အဆောက်အဦးများကို အရေးယူနိုင်ခဲ့ကြောင်း၊ နိုဝင်ဘာလအတွင်းကလည်း ရန်ကုန်မြို့အလှကို ပျက်စီးစေသည့်အပြင် ယာဉ်အန္တရာယ်ဖြစ်စေသည့် လမ်းဘေးဈေးသည်များကို ဖယ်ရှားနိုင်ခဲ့ကြောင်း ဆက်လက်ရေးသားထားသည်။ ယင်းအပြင်မြို့ ပြအခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ရေး မဟာစီမံကိန်းကို JICA ၏အကူအညီဖြင့် ၂၀၄၀ ခုနှစ်အထိ ဖော်ဆောင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရက စီစဉ်ထားကြောင်း၊ ရန်ကုန်တောင်ပိုင်းတွင် အထူးစီးပွားရေးဇုန်တခုဖော်ဆောင်ရန် ဗဟိုအစိုးရထံမှ ခွင့်ပြုချက်ရထားပြီးဖြစ်ကြောင်း ပါရှိသည်။

ဦးဖြိုးမင်းသိန်း၏ တောင်းဆိုမှုများသည် များပြားသည့်အပြင် အသေးစိတ်ကျကြောင်း၊ ၎င်း၏စဉ်းစားတွေးခေါ်နိုင်စွမ်းနှင့် ရန်ကုန်ကို မြို့ပြကြီးတခုအဖြစ်အကောင်အထည်ဖော်ရန် စိတ်အားထက်သန်မှုတွင် အခြားနိုင်ငံရေးသမားများထက်ထူးခြားသည်ဟု ရန်ကုန်အခြေစိုက် ဂျပန်သံတမန်တဦးက ပြောကြားသည်ဟုဆိုသည်။
“အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ စက်ရုံမြေနေရာငှားရမ်းနိုင်ဖို့အတွက်အသင့်ပြင်ထားသင့်တယ်လို့ ကျွန်တော်တို့ကပြောတော့ ချက်ချင်းဆိုသလိုပဲ တာဝန်ရှိသူတဦးကို ညွှန်ကြားခဲ့တယ်။ သူကမြန်ဆန်တဲ့နေရာမှာလေးစားလောက်တယ်”ဟုအိုဆာကာစက်မှုကုန်သည်ကြီးများအသင်း၏ ခေါင်းဆောင်တဦးကပြောကြားသည်ဟုဆိုသည်။

ဦးဖြိုးမင်းသိန်း၏ပြုပြင်ပြောင်းလဲမှုများသည် အချို့ကိစ္စရပ်များတွင် ကန့်ကွက်ဆန့်ကျင်မှုများနှင့် ကြုံတွေ့ရလင့်ကစား ယခင် တိုင်းအစိုးရများနှင့်မတူ သိသိသာသာ မြန်ဆန်သွက်လက်သည်ဟု ရေးသားထားသည်။
ဦးဖြိုးမင်းသိန်းသည် အသက် ၁၈ နှစ်အရွယ်တွင် ရန်ကုန်တက္ကသိုလ်၌ ရူပဗေဒဘာသာရပ်ကိုဆည်းပူးနေရာမှ ၈၈ အရေးအခင်းနှင့် ကြုံခဲ့ရပြီးအရေးတော်ပုံကြီးတွင် ပါဝင်ခဲ့သူဖြစ်သည်။ ၎င်းသည် ကျောင်းသားလှုပ်ရှားမှုဖြင့် နိုင်ငံရေးလောကထဲဝင်ရောက်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် ဖမ်းဆီးခံရ၍ ထောင်ဒဏ် ၁၅ နှစ်ကျခံခဲ့ရသည်။ ထောင်မှလွတ်လာပြီး ၂၀၁၀ မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုစတင်ချိန်တွင် နိုင်ငံရေးပါတီတခု တည်ထောင်ခဲ့သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD ပါတီသို့ ၀င်ရောက်၍ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD မှ ၀င်ရောက်ယှဉ်ပြိုင်အနိုင်ရ၍ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာခဲ့သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီအပြတ်အသတ်အနိုင်ရရှိပြီးနောက် လက်ရှိရာထူးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဖြစ်လာသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခံရခြင်းမှာ ထောင် ၁၅ နှစ်ကျခံရစဉ်အတွင်းပြသခဲ့သည့် ဦးဖြိုးမင်းသိန်း၏ စိတ်ဓါတ်ခိုင်မာမှုနှင့် ဒီမိုကရေစီစနစ်အပေါ် ယုံကြည်မှုအပြင် ဥာဏ်ရည်ထက်မြက်မှု၊ အခြားပါတီဝင်အချို့ကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၏ဦးဆောင်မှုနောက်တွင်သာ လိုက်ပါခြင်းမဟုတ်ဘဲ ၎င်း၏ကိုယ်ပိုင်တွေးခေါ်ယူဆချက်များအားလည်း ဒေါ်အောင်ဆန်းစုကြည်ထံ သိကြားစေခြင်းတို့ကြောင့်ဖြစ်သည်ဟု ဆိုသည်။

၂၀၁၆ အောက်တိုဘာလအတွင်းက NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီကိုပြောင်းလဲဖွဲ့စည်းခဲ့ရာ ဦးဖြိုးမင်းသိန်းသည် ဗဟိုကော်မတီ၏ အသက်အငယ်ဆုံးအဖွဲ့ဝင်ဖြစ်လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ညွှန်ကြားချက်ဖြင့် တရုတ်၊ ဂျပန်၊ စင်ကာပူနိုင်ငံများသို့ သွားရောက်ခဲ့ရာ နိုင်ငံတကာအသိုင်းအ၀ိုင်းက ဦးဖြိုးမင်းသိန်းအား ဒေါ်အောင်ဆန်းစုကြည်၏အရိုက်အရာကိုဆက်ခံမည့်သူအဖြစ် ထင်မြင်ယူဆလာကြကြောင်း၊ သို့ဖြစ်၍ ၁၉၈၈ NLD စတင်တည်ထောင်ချိန်မှ ယနေ့ချိန်ထိ ဒေါ်အောင်ဆန်းစုကြည်ပြီးလျှင် ပါတီတွင် နံပါတ် ၂ မရှိကြောင်း၊ အသက် ၇၁ နှစ်ရှိပြီဖြစ်သောဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူမကိုဆက်ခံမည့် ခေါင်းဆောင်သစ်တဦးကို ပျိုးထောင်ရန်အရေးကြီးကြောင်း ပြောဆိုမှုများရှိနေရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ဦးဖြိုးမင်းသိန်း၏အောင်မြင်မှုများက ယင်းအတွက် အဆုံးအဖြတ်ပေးမည်ပင်ဖြစ်ကြောင်း ရေးသားထားသည်။

မော်ရိုး
News Watch
https://www.facebook.com/NewsWatchJournal/
ဒေါ်အောင်ဆန်းစုကြည်နေရာကို ဦးဖြိုးမင်းသိန်းဆက်ခံမည်ဟု ထင်ကြေးပေးခံရ ဒေါ်အောင်ဆန်းစုကြည်နေရာကို ဦးဖြိုးမင်းသိန်းဆက်ခံမည်ဟု ထင်ကြေးပေးခံရ Reviewed by THITHTOOLWIN on 09:36 Rating: 5
Powered by Blogger.