ဖားကန့်တွင် မူးယစ်ဆေးဝါး ဖမ်းဆီးသည့်အဖွဲ့ (ပတ်ဂျေဆန်) ကို တပ်မတော် နာမည်သုံးပြီး လာရောက်တားမြစ်


ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဆန်ခါရွာအကျော် မှော်ပုံကျေးရွာ အလွန်တွင် ပြည်သူ လူထု အခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ နှင့် မှော်ပုံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကာ ဖေဖော်ဝါရီ ၉ ရက်က မူးယစ်ဆေးဝါးများ ဖမ်းဆီးစဉ် ကံဆီးဗျူဟာမှဟု ဆိုသူက သေနတ်ဖြင့် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း ( မူးယစ်တိုက်ဖျက်အဖွဲ့ ) ပတ်ဂျေဆန် အဖွဲ့ ဖားကန့် ၏ ခေါင်းဆောင်ဖြစ်သူ ဦးဂျာလှ က The Ladies သို့ ပြော သည်။
“ကျွန်တော်က ကျွန်တော့်လူတွေကို ကွင်းဆင်းခိုင်းတယ်လေ။ ၁၂ နာရီလောက်မှာ မူးယစ်ဆေးဝါး ရောင်းတဲ့သူတွေကို သွားဝိုက်တာ။ သွားဝိုက်တဲ့အချိန်မှာ G2 ဆိုတဲ့ ဗိုလ်မှူးလား ဘာအဆင့်လဲတော့ မသိဘူး။ သူတို့သုံးယောက်က ကားတစ်စင်းနဲ့ ရောက်လာတယ်။ ရောက်လာပြီးတော့ မင်းတို့ ဘယ်သူ့အမိန့်နဲ့ ခွင့်ပြုမိန့်နဲ့ လုပ်တာလဲဆိုပြီး သေနတ်နဲ့ ပစ္စတိုနဲ့ မောင်းတင်ပြီးတော့ ခြိမ်းခြောက်တယ်။ ကျွန်တော်တို့ အဖွဲ့က မေးလိုက်တာပေါ့။ ခင်ဗျားက ဘာအဆင့်လဲ ဘယ်ကလဲ ဘာညာ ဆိုတော့ သူက G2 ပေါ့။ အဲ့လိုပြောတဲ့အခါ ကျွန်တော့် လူတွေက ပြော တာပေါ့။ ခင်ဗျား ဗိုလ်မှူးအဆင့် တောင်ရှိတယ်။ ဥပဒေ နားမလည် ဘူးလားပေါ့။ နိုင်ငံတော်ရဲ့ ဥပဒေက ခွင့်ပြုထားတဲ့အလုပ် မဟုတ်ဘူး။ ကျွန်တော်တို့က ဘုံရန်သူ သတ်မှတ်ထားတဲ့ မူးယစ်ဆေးဝါးပေါ့။ ဘယ်သူ့အမိန့် တောင်းစရာမလိုဘူး။ လူထုတွေ လုပ်နေတာ ဖြစ်တယ်။ ခါတိုင်းလည်း လုပ်နေကျပါပဲလို့ ပြောလိုက်တဲ့အခါ သူတို့ရဲ့လုပ်ရပ်က နည်းနည်းမှားသွားပြီဆိုတဲ့ အသိရသွားပုံရတယ်။ တောင်းပန် တာပေါ့။ တောင်းပန်ပြီးတော့ ဒီသတင်းတွေကို သတင်းဌာန ကို မတင်ပေးဖို့ Facebook တို့ မတင်ပေးဖို့ ပြောတယ်တဲ့။ အစကတော့ သူတို့ဗျူဟာ ရှိတဲ့ နေရာ ကံဆီးဘက်မှာလိုက်ခဲ့ပေါ့။ အဲ့မှာရှင်းမယ် ဘာညာ ခြိမ်းခြောက်တာပေါ့။ ကျွန်တော့်လူတွေကလည်း မလိုက်နိုင် ဘူးဆိုတော့ ပြန်သွားတယ်” ဟု ဦးဂျာလှက ပြောသည်။


ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဆန်ခါရွာအကျော် မှော်ပုံကျေးရွာ အလွန်တွင် လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ နှင့် မှော်ပုံ အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကာ ဖေဖော်ဝါရီ ၉ ရက်က မူးယစ်ဆေးဝါးများ ဖမ်းဆီးစဉ် ကွင်းဆက်လိုက်ရင်း တာဝန်ရှိသူအချို့နှင့် တွေ့ဆုံကာ အခြေအတင် ဖြစ်ခဲ့ကြခြင်းဖြစ်ကြောင်း လုံးခင်းရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကလည်း ဖေဖော်ဝါရီ ၁၀ ရက် နံနက်ပိုင်းတွင် The Ladies သို့ပြောသည်။
“အဖွားကြီးတစ်ယောက်နဲ့ ကောင်လေးတစ်ယောက်က အိမ်တစ်အိမ်ရဲ့ အပေါ်ထပ်ရဲ့ အိပ်ခန်းမှာတွေ့တာ။ နောက်တစ်ယောက်က မှော်ဘုံ ဘက်လမ်းမှာတွေ့တာ။ အဲ့ဒီမှာပတ်ဂျီဆန် အဖွဲ့က ကွင်းဆက်လိုက်ရင်းနဲ့ တပ်နဲ့တွေ့ပြီး အခြေအတင် စကားများကြတာ” ဟု လုံးခင်းရဲစခန်း တာဝန်ကျ အရာရှိက The Ladies သို့ ပြောသည်။

လုံးခင်းအုပ်ချုပ်ရေးမှူးထံ သို့ The Ladies မှ ဆက်သွယ်မေးမြန်းရာတွင် မူးယစ်ဆေးဝါးများ ဖမ်းမိသည်မှာ မှန်ကန်ကြောင်း ရဲစခန်းတွင်လည်း အမှုဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
“အမှုဖွင့်တာတော့ မူးယစ်ဆေးဝါးမှုနဲ့ ဖွင့်တာ၊ ဒါပေမယ့် ကံဆီးဗျူဟာ ကတို့ဘာတို့တော့မပါဘူး။ လက်နက်ကိစ္စလည်း မပါဘူး၊ ဒီအတိုင်း မူးယစ်ဆေးအမှုနဲ့ပဲ ဖွင့်တာ” ဟု လုံးခင်းအုပ်ချုပ်ရေးမှူးက ပြောသည်။


ပတ်ဂျေဆန်အဖွဲ့မှ မူးယစ်ဆေးဝါး ဖမ်းဆီးမှုများ ပြုလုပ်ရာတွင် စစ်တပ်နှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်မှာ မှန်ကန်သော်လည်း သေနတ်ထုတ် ခြိမ်းခြောက်မှုမျိုး မမြင်ခဲ့ရကြောင်း မှော်ဘုံကျေးရွာ ဥက္ကဋ္ဌက The Ladies သို့ပြောသည်။
“စစ်တပ်နဲ့တော့ မူးယစ်အဖွဲ့နဲ့ ထိပ်တိုက်တော့တွေ့တယ်။ ကျွန်တော်တို့ အုပ်ချုပ်ရေး အဖွဲ့တွေ ရောက်သွားတော့ တပ်က သေနတ်နဲ့ ထုတ်တာတွေ မတွေ့ရတော့ဘူး။ ကျွန်တော်တို့ ရောက်သွားတော့ ပြေလည် သွား သလို ဖြစ် တဲ့အချိန် ကျွန်တော်တို့ကလည်း ကြားထဲကနေ တောင်းပန်ပေး တာပဲ ရှိတယ်။ အစောပိုင်းဖြစ်တာတွေ ကျွန်တော်တို့ မမြင်ခဲ့ရဘူး။ တပ်နဲ့ထိပ်တိုက်တွေ့တာ ရှိတယ်” ဟု မှော်ဘုံဥက္ကဋ္ဌက The Ladies သို့ပြောသည်။

ယင်းကဲ့သို့သော အလားတူ ကိစ္စရပ်များတွင် ဌာနဆိုင်ရာများထံ အတည်ပြုချက် ရယူပါက သတင်းအမှန် သိရှိရမည် မဟုတ်ဘဲ ဒေသခံများ ထံမှသာ သတင်းအမှန် သိရှိရမည်ဖြစ်ကြောင်း ဒေသခံများက The Ladies သို့ပြောဆိုခဲ့သည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ တပ်မတော်ဘက်သို့ သီးခြား အတည်ပြု ချက် ရယူရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ဇော်မင်းထွန်း
The Ladies News
https://www.facebook.com/News.TheLadies/
ဖားကန့်တွင် မူးယစ်ဆေးဝါး ဖမ်းဆီးသည့်အဖွဲ့ (ပတ်ဂျေဆန်) ကို တပ်မတော် နာမည်သုံးပြီး လာရောက်တားမြစ်  ဖားကန့်တွင် မူးယစ်ဆေးဝါး ဖမ်းဆီးသည့်အဖွဲ့ (ပတ်ဂျေဆန်) ကို တပ်မတော် နာမည်သုံးပြီး လာရောက်တားမြစ် Reviewed by THITHTOOLWIN on 09:32 Rating: 5
Powered by Blogger.