ပုဂံဒေသရှိ အာနန္ဒာဘုရားပွဲတော်သို့ ဒေသခံကျေးရွာများမှ ရိုးရာပေါင်းမိုးလှည်းများဖြင့်လာရောက်


ညောင်ဦး ဇန်နဝါရီ ၁၁

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ၌ လမြတ်ပြာသိုအချိန်အခါတွင် နှစ်စဉ်ကျင်းပ ပြုလုပ်မြဲဖြစ်သည့် အာနန္ဒာဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ယခင်နှစ်များ နည်းတူ ပွဲဈေးတန်းခင်းကျင်း၍ ပျော်ပွဲရွှင်ပွဲများနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

ပုဂံဒေသအတွင်းရှိ ကျေးရွာများမှ ပြည်သူများသည် ဘုရားပွဲတော်သို့ ရိုးရာမပျက် ပေါင်းမိုးလှည်းများဖြင့် လာရောက်ကြပြီး အာနန္ဒာဘုရားကြီး၏ အရပ်လေးမျက်နှာရှိ ဘုန်းတော်ကြီးကျောင်းများ၊ ကွင်းပြင်မြေလွတ်များ၌ ယာယီတဲများထိုး၍ ချက်ပြုတ်စားသောက်ကာ နေထိုင်လျက်ရှိသည်။

 အဆိုပါ ပေါင်းမိုးလှည်းများအဖွဲ့သည် လဆန်း ၇ ရက်၊ ၈ ရက်ကတည်းက ဘုရားပွဲတော်သို့ ရောက်ရှိနေကြပြီး ပြာသိုလပြည့်နေ့ ဆွမ်းသပိတ်လုံးဆက်ကပ်လှူဒါန်းပွဲတွင် ၎င်းတို့၏ လယ်ယာစိုက်ခင်းများမှ ထွက်ရှိသည့် သီးနှံအမျိုးမျိုးကို ဘုရားကြီးအား ကပ်လှူပူဇော်ပြီးမှ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များနှင့် ဓာတ်ပုံပညာရှင်များကလည်း အဆိုပါ ပေါင်းမိုးလှည်းအဖွဲ့များ၏ အသွားအပြန်ခရီးနှင့် ရိုးရာဓလေ့စရိုက်များကို စိတ်ဝင်တစား လာရောက်လေ့လာ မှတ်တမ်းတင်လျက်ရှိကြရာ ပုဂံဒေသခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွဲဆောင်မှုတစ်ခုဖြစ်လျက်ရှိကြောင်း သိရ သည်။

ရဲသူရအောင်(ညောင်ဦး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ပုဂံဒေသရှိ အာနန္ဒာဘုရားပွဲတော်သို့ ဒေသခံကျေးရွာများမှ ရိုးရာပေါင်းမိုးလှည်းများဖြင့်လာရောက် ပုဂံဒေသရှိ အာနန္ဒာဘုရားပွဲတော်သို့ ဒေသခံကျေးရွာများမှ ရိုးရာပေါင်းမိုးလှည်းများဖြင့်လာရောက် Reviewed by THITHTOOLWIN on 08:20 Rating: 5
Powered by Blogger.