ဦးခေါင်းကို တူဖြင့်ထုနက်ကာ မော်တော်ယာဉ်အား ယူဆောင်သွားမှုဖြစ်ပွား
(တရားခံ အိုက်ငြမ်းနှင့် ၎င်းယူမောင်းသွားသည့် ပါဂျဲရိုးကားအားတွေ့ရစဉ်)
လားရှိုး၊ ဇန်န၀ါရီ-၁၅
ဖြစ်စဉ်မှာ---
ဇန်န၀ါရီလ(၁၀)ရက်နေ့ ညနေ(၅)နာရီခန့်က မန်တုံမြို့တွင်နေထိုင်သူ ဒေါ်အေးနေသည် လားရှိုးမြို့ရှိ “နိုင်းနိုင်း”တည်းခိုခန်းတွင် လာရောက်တည်းခိုနေစဉ် တစ်မြို့တည်းနေ အိုက်ငြမ်း ဆိုသူမှ လားရှိုးမြို့ရှောင်လမ်းတွင် မြေကွက်သွားကြည့်မည်ဟုပြောဆို၍ လာရောက်ခေါ်ဆောင်သဖြင့် မိမိ၏ပါဂျဲရိုးမော်တော်ယာဉ်အစိမ်းရောင်ဖြင့် နှစ်ဦးသားအတူသွားရောက်ခဲ့ကြောင်း၊ လားရှိုးမြို့ရှောင်လမ်း၊ နမ့်မော်ကျန်ကျေးရွာအနီး တောလမ်းသို့အရောက်တွင် အိုက်ငြမ်းမှ ကားပျက်၍ ကားအောက်ခဏဆင်းရန်ပြောဆိုသဖြင့် ဒေါ်အေးနေမှ ကားအောက်သို့ဆင်းစဉ် အိုက်ငြမ်းမှ လမ်းဘေးတောထဲသို့ ဆွဲခေါ်သွားပြီး အသင့်ကိုင်ဆောင်ထားသည့် တူဖြင့် ဒေါ်အေးနေ၏ ဦးခေါင်းအား (၃)ချက်ခန့်ထုနှက်လိုက်ရာ သတိလစ်မေ့မြောသွားခဲ့ကြောင်း၊ နောက်တစ်နေ့ ဇန်န၀ါရီလ(၁၁)ရက် နံနက်(၁၀)နာရီအချိန်ခန့်တွင် ဒေါ်အေးနေမှာ မေ့မြောနေရာမှ သတိပြန်လည်ရရှိလာပြီး နမ့်မော်ကျန်ရွာသားများနှင့်တွေ့ရှိသဖြင့် အကူအညီတောင်းရာ ရွာသားများက လားရှိုးပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးသည့်အတွက် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရကြောင်းသိရသည်။ ဒေါ်အေးနေ ပိုင်ဆိုင်သည့် ယာဉ်အမှတ် 2C/9877 ပါဂျဲရိုးမော်တော်ယာဉ်နှင့် ဖုန်းတစ်လုံးတို့အား အိုက်ငြမ်းဖြစ်သူမှ ယူဆောင်ထွက်ပြေးသွားသည့်အတွက် ဇန်န၀ါရီလ(၁၂)ရက်နေ့ နေ့လည်ပိုင်းတွင် လားရှိုးမြို့မရဲစခန်းသို့ အမှုဖွင့်တိုင်တန်းထားကြောင်းသိရသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရဲမှူးကြီးအောင်မြတ်မိုး၏ စီစဉ်ညွှန်ကြားမှု၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးသန့်ဇင်၏ ကြီးကြပ်လမ်းညွှန်မှုတို့ဖြင့် မြို့မစခန်းမှူး ဒုရဲမှူးကျော်နိုင်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့များခွဲကာ ပျောက်ဆုံးနေသည့် ယာဉ်အမှတ် 2C/9877 ပါဂျဲရိုးမော်တော်ယာဉ်ကို အချိန်နှင့်တပြေးညီ ရှာဖွေစုံစမ်းမှုများပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ပြုလုပ်ရာတွင် လားရှိုးမြို့အထွက်ဂိတ်များဖြစ်သည့် ခေးနင်းတိုးဂိတ်၊ မြို့ရှောင်လမ်းတိုးဂိတ်၊ ဟိုပိတ်တိုးဂိတ်များသို့ ဖြတ်သန်းသွားသည့် မော်တော်ယာဉ်မှတ်တမ်းများအား ကြည့်ရှုစစ်ဆေးစေခဲ့ရာ အဆိုပါပါဂျဲရိုးယာဉ်သည် ခေးနင်းတိုးဂိတ်၌ သီပေါဘက်မှ လားရှိုးမြို့ဘက်သို့ အ၀င်မှတ်တမ်းသာရှိပြီး ပြန်လည်ထွက်ခွာသည့်မှတ်တမ်းမရှိသေးကြောင်း စစ်ဆေးတွေ့ရှိရသည်။
 ဆက်လက်၍ ဟိုပိတ်တိုးဂိတ်ကို (၁၂-၁-၂၀၁၇)နေ့ နံနက်(၁၀)နာရီအချိန်ခန့်တွင်လည်းကောင်း၊ သိန်းနီတိုးဂိတ်ကို (၁၀း၃၀)နာရီအချိန်ခန့်တွင်လည်းကောင်းဖြတ်သန်းသွားကြောင်း သိန်းနီရဲတပ်ဖွဲ့စခန်းသို့ ဆက်သွယ်စုံစမ်းချက်များအရသိရသည်။ ထို့နောက် ကွတ်ခိုင်မြို့သို့ ဆက်လက်ထွက်ခွာသွားကြောင်းသိရှိရသဖြင့် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှတဆင့် ကွတ်ခိုင်-မူဆယ်လမ်းကြောပေါ်ရှိ ကွတ်ခိုင်ရဲစခန်း၊ နမ့်ဖတ်ကာရဲစခန်း၊ မူဆယ်ရဲစခန်းများသို့ ဆက်သွယ်၍ ပိတ်ဆို့ဖမ်းဆီးစေခဲ့ရာ နေ့လည်(၂း၀၀)နာရီအချိန်တွင် နမ့်ဖတ်ကာရဲကင်းစခန်းမှူး ရဲအုပ်မျိုးကျော်မှ အဆိုပါ ယာဉ်အမှတ်2C/9877 ပါဂျဲရိုးယာဉ်နှင့်အတူ ယာဉ်ပေါ်ပါ အမျိုးသား(၃)ဦးအား နမ့်ဖတ်ကာရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ပျောက်ဆုံးနေသည့်မော်တော်ယာဉ်နှင့်တရားခံ ဟုတ်/မဟုတ် အတည်ပြုပေးရန် မှတ်တမ်းဓါတ်ပုံများ လားရှိုးမြို့မရဲတပ်ဖွဲ့စခန်းသို့ ပေးပို့လာသဖြင့် လားရှိုးပြည်သူ့ဆေးရုံကြီး၌ ဆေးရုံတက်ရောက် ဆေးကုသမှုခံယူနေရသော ဒေါ်အေးနေ ကို မှတ်တမ်းဓါတ်ပုံများပြသ၍ မေးမြန်းရာ မော်တော်ယာဉ်မှာ ပျောက်ဆုံးနေသော ၎င်း၏မော်တော်ယာဉ်ဖြစ်ကြောင်း၊ ယာဉ်ပေါ်ပါသူ(၃)ဦးအနက် ၎င်းအား တူဖြင့်ထုပြီး မော်တော်ယာဉ်လုယူသွားသူ အိုက်ငြမ်းဆိုသူအား အတည်ပြုပြသနိုင်ခဲ့ပါသည်။
 ရဲလုပ်ထုံးလုပ်နည်းအရ တရားခံလွှဲပြောင်းခေါ်ဆောင်ခြင်း၊ သက်သေခံပစ္စည်းသိမ်းဆည်းခြင်းများဆောင်ရွက်ရန် လားရှိုးမြို့မရဲစခန်းမှ ရဲအုပ်ထွန်းထွန်း ဦးစီးသောတပ်ဖွဲ့ဝင်များသည် ညနေ(၃း၃၀)နာရီအချိန်တွင် နမ့်ဖတ်ကာရဲစခန်းသို့ ထွက်ခွာသွားခဲ့ရာ (၁၃-၁-၂၀၁၇)နေ့ နေ့လည်(၁၂း၃၀)နာရီအချိန်တွင် လားရှိုးမြို့သို့ ပြန်လည်ရောက်ရှိလာပြီး ပြစ်မှုကျူးလွန်သူ တရားခံအိုက်ငြမ်းအား လားရှိုးမြို့မရဲစခန်း (ပ)၁၃/၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃၉၄ အရ အမှုဖွင့်အရေးယူထားပြီး လိုအပ်သည့်စစ်ဆေးမေးမြန်းမှုများပြုလုပ်ကာ ကျန်ရှိနေသည့် သက်သေခံပစ္စည်းများသိမ်းဆည်းနိုင်ရေးဆောင်ရွက်လျှက် ရှိကြောင်းသိရသည်။
Nay Myo‎ / Lashio News
ဦးခေါင်းကို တူဖြင့်ထုနက်ကာ မော်တော်ယာဉ်အား ယူဆောင်သွားမှုဖြစ်ပွား ဦးခေါင်းကို တူဖြင့်ထုနက်ကာ မော်တော်ယာဉ်အား ယူဆောင်သွားမှုဖြစ်ပွား Reviewed by THITHTOOLWIN on 08:31 Rating: 5
Powered by Blogger.