အသက်(၁၄)နှစ်အရွယ် မိန်းကလေးငယ်ကို ရဲစခန်း၌ ၄၃ ရက်ကြာ ထိန်းသိမ်းခဲ့သည့်စခန်းမှူးအား စုံခုံဖွဲ့စစ်ဆေးနေ


မွန်ပြည်နယ် မော်လမြိုင်မြို့ စက်မှုဇုန် နယ်မြေရဲစခန်း (ညောင်ပင်ဆိပ်)တွင် အသက်(၁၄)နှစ်အရွယ် မချောအိအမည်ရှိ ကျောင်းသူအား အမှုဖွင့် လှစ်ခြင်းမရှိဘဲ ၄၃ရက်ကြာ ထိန်းသိမ်းထားသည့်ကိစ္စနှင့်ပတ်သက်၍ နယ်မြေရဲစခန်းမှူးအား ဇန်န၀ါရီ ၁၀ ရက်က သထုံမြို့မရဲစခန်း၌ ကျိုက်မရောမြို့နယ် ဒုတိယ ရဲတပ်ဖွဲ့မှူး ဦးစီးသည့်အဖွဲ့မှ လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

''ရဲစခန်းက ခေါ်ယူထိန်းသိမ်းထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ လူမှုကွန်ရက်စာမျက်နှာနဲ့ သတင်းဂျာနယ်တွေမှာ တက်လာလို့ စခန်းမှူးကို စုံခုံဖွဲ့စစ်ဆေးနေပါတယ်။ ကလေးမလေးက သထုံကဖြစ်တဲ့အတွက် သထုံမှာလာပြီး မိန်းကလေးငယ်နဲ့ သူ့ရဲ့မိခင်ကိုပါ ဒီကိစ္စစခန်းမှူးက အမှန်တကယ်လုပ်ခဲ့သလားဆိုတာကို လာမေးမြန်းတာပါ။

စခန်းမှူးနဲ့ အဖွဲ့တွေကိုလည်း ကျိုက်မရောမြို့နယ် ရဲတပ်ဖွဲ့ရုံးမှာ ၉ ရက်နေ့က စစ်ဆေးခဲ့ပြီးပါပြီ။ ကျွန်တော်တို့က ကာယကံရှင်တွေရဲ့ထွက်ဆိုချက်တွေကို အထက်ကို တင်ပြသွားမှာပါ။ အရေးယူတဲ့ အပိုင်းကတော့ လူကြီးတွေက ဆောင်ရွက်မှာပါ''ဟု ကျိုက်မရောမြို့နယ် ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးနေလင်းက News Watch သို့ ပြောသည်။

စက်မှုဇုန်နယ်မြေစခန်းတွင် အမှုဖွင့် လှစ်ခြင်းမရှိဘဲ ၄၃ ရက်ကြာ ထိန်းသိမ်းခံထားရသည့် မိန်းကလေးငယ်မှာ သထုံမြို့နယ် ထိန်ပင်ကျေးရွာနေမချောအိဆိုသူဖြစ်ပြီး ကျောင်းတက်ရန်အတွက်
မော်လမြိုင် ညောင်ပင် ဆိပ်ရပ်ကွက်ရှိ အဘွားဖြစ်သူထံတွင် သွားရောက်နေထိုင်ရာမှ အဘွားဖြစ်သူနှင့် စိတ်ဆိုးပြီး မိခင်နေ အိမ်သို့ ပြန်ခဲ့ရာတွင် ငွေကျပ် ၃၇ သိန်း ပျောက်ဆုံးမှုဖြင့် အဘွားဖြစ်သူမှ လာရောက်တိုင်တန်းခြင်းကြောင့် စက်မှုဇုန် ရဲစခန်းမှ ဖြေရှင်းပေးရန် ခေါ်ယူထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က ဒေါ်ဆလမာ၊ မချောအိနှင့် မိခင်ဖြစ်သူတို့ စက်မှုဇုန်နယ်မြေရဲစခန်းသို့ ရောက်ရှိလာပြီး နှစ်ဦးနှစ်ဖက် ဖြေရှင်းနေစဉ်ကာလအတွင်း တည်းခိုစရိတ် မတတ်နိုင်ဟုဆိုကာ ရဲစခန်း၌ နေထိုင်ခွင့်တောင်းသောကြောင့် နေထိုင် စေခဲ့ခြင်းသာဖြစ်ကြောင်း၊ ရဲစခန်းမှ ခေါ်ထားခဲ့ခြင်းမဟုတ်ကြောင်း၊ မိခင်ဖြစ် သူ မလှဝင်းအား ရဲစခန်းသို့ ၀င်ထွက်ခွင့်ပေးထားခဲ့ကြောင်း၊ အဘွားဖြစ်သူ၏ ငွေနှင့်ရွှေထည်စ္စည်းများကိစ္စနှင့်ပတ်သက်၍ တစုံတရာ ဖြေရှင်းပေးခဲ့ခြင်းမရှိသောကြောင့် မချောအိ ရဲစခန်း၌ ရက်အတော်ကြာနေထိုင်ခဲ့ရခြင်းဖြစ်ကြောင်း၊ မိခင်ဖြစ်သူ မလှဝင်းမှ လူမှုအဖွဲ့အစည်းများ နှင့် သမီးဖြစ်သူအား လာရောက်ခေါ်ဆောင်ရာတွင် စခန်းမှူးက လူမှုအဖွဲ့အစည်းများ ရှေ့မှောက်တွင် မိခင်ဖြစ်သူထံ ကောင်းမွန် စွာ ပြန်လည်အပ်နှံခဲ့ကြောင်း၊ အဘွားဖြစ်သူ နေအိမ်အနောက်ဘက်ရှိ ဘက ကျောင်းတွင် ကျောင်းတက်နေစဉ် နေအိမ်မှ ထွက်ပြေးခဲ့ခြင်းဖြစ်သဖြင့် ရဲစခန်း၌ နေထိုင်စဉ် စာမေးပွဲ ဖြေဆိုနိုင်ရေးအတွက် ဘကကျောင်းဘုန်းတော်ကြီးထံ စခန်းမှူးက ကိုယ်တိုင်လျှောက်ထားပေးခဲ့ကြောင်း၊ မချောအိ ရဲစခန်း၌ ရှိနေစဉ်ကာလအတွင်း ၎င်း၏တယ်လီဖုန်းကိုပင် သိမ်းဆည်းမထားဘဲ နေထိုင်စေခဲ့ကြောင်း၊ မချောအိနှင့်မိခင်ဖြစ်သူတို့ ရဲစခန်း၌ နေထိုင်ခဲ့ကြစဉ်ကာလအတွင်း မည်ကဲ့သို့ နေထိုင်ခဲ့ရကြောင်းကို ၎င်းတို့ ကိုယ်တိုင် လက်မှတ်ရေးထိုးထားသည်များရှိကြောင်းကို မော်လမြိုင် စက်မှုဇုန်နယ်မြေရဲစခန်းမှ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပြန်လည်ရှင်းလင်းတင်ပြထားသည်။

''သမီးကို ပိုက်ဆံပျောက်တဲ့အမှုစစ်တော့ သမီးက လုံးဝမယူရပါဘူးလို့ပြောပါတယ်။ သမီးက ကျောင်းတက်ရ မယ်၊ သမီးကို မြန်မြန်လွှတ်ပေးပါလို့ ပြောပါတယ်။ သမီးက အရမ်းစိတ်ညစ်နေလို့ သေတောင် သေလိုက် ချင်တော့တယ်ပြောတော့ စခန်းမှူးက သူ့ရဲ့သေနတ်ကို ထုတ်ပေးပြီး နင့်ရဲ့နားထင်ကို ပစ်ပြီးသေလိုက်လို့ ပြောတယ်။ သမီးက ပစ်မတတ်လို့ စခန်းမှူးပစ်ပေးပါလို့ပြောတော့ ငါပစ်ရင် ငါထောင်ထဲရောက်သွားမှာပေါ့လို့ ပြန်ပြောပါတယ်။

သမီးကိုတော့ အချုပ်ခန်းရဲ့ဘေးက ခုံမှာပဲ ၄၃ ရက်ထိထားခဲ့တယ်။ အချုပ်ခန်းဘေးက ခုံဆိုတော့ ကြွက်တွေရော၊ ပုရွက်ဆိတ်တွေရောရှိတဲ့အတွက်ကြောင့် သမီးကြောက်လည်း ကြောက်တယ်။

အချုပ်ခန်းအိမ်သာကလည်း ဘေးနားမှာဆိုတော့ အနံ့ကလည်း နံလို့ သမီးထမင်းစားလို့ မရခဲ့ပါဘူး''ဟု မချောအိက ပြောသည်။
ဤအမှု၏ အဓိကသက်သေဖြစ်သော မချောအိနှင့် မိခင်ဖြစ်သူ မလှဝင်းတို့အား သထုံမြို့မရဲစခန်း၌ စစ်ဆေးရာ တွင် မော်လမြိုင် စက်မှုဇုန်နယ်မြေစခန်းမှူးရှေ့၌ မျက်နှာချင်းဆိုင် စစ်ဆေးမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကျိုက်မရောမြို့နယ် ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးနေလင်း၏ ပြောပြချက်အရ သိရသည်။

ခေါက်ချိုး
News Watch
https://www.facebook.com/NewsWatchJournal

အသက်(၁၄)နှစ်အရွယ် မိန်းကလေးငယ်ကို ရဲစခန်း၌ ၄၃ ရက်ကြာ ထိန်းသိမ်းခဲ့သည့်စခန်းမှူးအား စုံခုံဖွဲ့စစ်ဆေးနေ  အသက်(၁၄)နှစ်အရွယ် မိန်းကလေးငယ်ကို ရဲစခန်း၌ ၄၃ ရက်ကြာ ထိန်းသိမ်းခဲ့သည့်စခန်းမှူးအား စုံခုံဖွဲ့စစ်ဆေးနေ Reviewed by THITHTOOLWIN on 20:52 Rating: 5
Powered by Blogger.