ရေယာဉ်အသင်း နှစ်သင်းကို ပြေး ဆွဲခွင့် ၆ လ ပိတ်

အောင်စိုးမိုးကျော် ရေယာဉ်နစ်မြုပ်မှုနဲ့ ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကို မုံရွာမြို့မှာ အောက်တိုဘာလ ၂၂ ရက်နေ့က စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွှန့်ဝင်း သတင်းစာရှင်းလင်းစဉ်။ Photo: Hset Paing Toe/RFA
ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၅ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် လောင်းပြည့်ကျေးရွာ အနားမှာ ရေယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့ ရွှေပြည်ကမ္ဘာရေယာဉ် အသင်းနဲ့ အောင်စိုးမိုးရေယာဉ် အသင်းတို့ကို လိုင်းပြေးဆွဲခွင့် ၆ လ ပိတ်သိမ်းလိုက်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေထဲက ည ၆ နာရီ ထက်ကျော်လွန်ပြီး ရေယာဉ်မမောင်းဖို့ဆိုတဲ့ စည်းကမ်းကို ဖောက်ဖျက် တဲ့အတွက် အရေးယူတာဖြစ်တယ်လို့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွှန့်ဝင်းက ပြောပါတယ်။

"ရေယာဉ်အသင်း ၂ သင်းကို ၆ လ ပိတ်သိမ်းတယ်ပေါ့ဗျာ။ တိုင်းဒေသကြီးအစိုးရမှာတော့ လုပ်ပိုင်ခွင့် တစ်ခုပဲရှိတယ်လေ။ စည်းကမ်းကျနော်တို့ ထုတ်ထားတာ အဲ့ဒီအထဲမှာ ည ၆ နာရီကျော်ရင် မမောင်းရဆိုတဲ့ ကိစ္စပါတယ်။ အခင်းဖြစ်တာက ည ၈ နာရီဝန်းကျင်မှာဖြစ်တယ်ဆိုတော့ အဲ့ ည ၆ နာရီထက် မမောင်းရဆိုတဲ့ စည်းကမ်းကို သူတို့ဖောက်ဖျက်တာပေါ့နော်။ အဲ့ဒီအတွက် ဆရာတို့ကတော့ ဆရာတို့ထုတ်ထားတဲ့ စည်းကမ်းကို မလိုက်နာလို့ ထုတ်တာပါ"

ရွှေပြည်ကမ္ဘာရေယာဉ်အသင်းမှာ ရေယာဉ်အစီးရေ ၇၂ စီးရှိပြီး ၊ အောင်စိုးမိုး ကုန်တင်ရေယာဉ် အသင်းမှာတော့ အစီးရေ ၂၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၅ ရက်နေ့က ရွှေပြည်ကမ္ဘာရေယာဉ်အသင်းက စိုးသူရအောင် အမြန်ရေယာဉ်နဲ့ အောင်စိုးမိုး ကုန်တင်ရေယာဉ်အသင်းက ဂျိုးဝါကုန်တင်ရေ ယာဉ်တို့ တိုက်မိခဲ့ပြီး ခရီးသည် နှစ်ဦး ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

အဲဒီရေယာဉ်နှစ်စီးရဲ့ မောင်းနှင်သူ နှစ်ဦးကို ရေယာဉ်ကို မဆင်မခြင်မောင်းနှင်မှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၈၀ ၊ ရေယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် လူတစ်ဦးတစ်ယောက်ကို ထိခိုက်ဒဏ်ရာရစေမှု ပုဒ်မ ၃၃၇/၃၃၈ တို့နဲ့ မောက္ကတော် ရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
ရေယာဉ်အသင်း နှစ်သင်းကို ပြေး ဆွဲခွင့် ၆ လ ပိတ် ရေယာဉ်အသင်း နှစ်သင်းကို ပြေး ဆွဲခွင့် ၆ လ ပိတ် Reviewed by THITHTOOLWIN on 19:05 Rating: 5
Powered by Blogger.