နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဂျပန်ရောက်မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံ

( နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလ ၂ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့က Rihga Royal ဟိုတယ်မှာ မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံနေစဉ် ) Photo: Ministry of Foreign Affairs Myanmar/ Facebook
ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ ရင်ဆိုင်နေရတဲ့ နိုင်ငံကူးလက်မှတ်အခက်အခဲနဲ့ အခွန်ပေးဆောင်ရတဲ့အခက်အခဲတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး ကနေတစ်ဆင့် ဖြေရှင်းပေးမယ်လို့ ဒီနေ့ ပြောပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့က Rihga Royal ဟိုတယ်မှာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံပွဲမှာ ပြောခဲ့တာဖြစ်တယ်လို့ ၁၉ နှစ်ကြာ ဂျပန်နိုင်ငံကိုရောက်နေတဲ့ ကိုမိုင်ကျော်ဦးက ပြောပါတယ်။

"တချို့ဒီမှာ နိုင်ငံရေးအရ နှစ်ပေါင်းများစွာနေပြီးတော့မှ စာအုပ်သက်တမ်းမရှိတော့တဲ့ဟာတွေ သံရုံးနဲ့ သေချာ မြန်မြန်ဆန်ဆန်ဖြစ်လာအောင် သူကလည်း ပြန်ပြောပြပါမယ်လို့ နိုင်ငံခြားရေးဌာနက သံရုံးကနေပြီးတော့မှ မြန်မာနိုင်ငံသားစာအုပ်မရှိတော့တဲ့ဟာတွေ နိုင်ငံသားပျောက်နေတဲ့ဟာတွေ မြန်မြန်ဆန်ဆန်ဖြစ်လာအောင် ပြန်ပြီး ဆောင်ရွက်ကြဖို့ ပြောတာမျိုးတွေလည်း တွေ့ရပါတယ်။"

ဂျပန်နိုင်ငံကိုရောက်နေတဲ့ မြန်မာနိုင်ငံသားတွေထဲက ပညာတော်သင်ရရပြီး ပညာကြားခွင့်ရနေကြ သူတွေ၊ စီးပွားရေးအရ လေ့လာဖို့ အခွင့်အလမ်းရနေသူတွေအပြင် ဂျပန်နိုင်ငံမှာ အခြေချ နေထိုင်ကြသူတွေအနေနဲ့ မြန်မာနိုင်ငံကို ပြန်လည်အကျိုးပြုစေချင်တယ်လို့လည်း ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ တက်ရောက်လာကြသူတွေမေးမြန်းတဲ့အထဲက မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ရပ်စဲဖို့ အခက်အခဲတွေက ဘာဖြစ်မလဲဆိုတဲ့မေးခွန်းကို ပြည်တွင်းစစ် မရပ်စဲချင်တဲ့စိတ်ဓာတ်တွေကြောင့်လို့ ဖြစ်တယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေးမှာ ပါဝင်ပတ်သက်သူတွေ အားလုံးနဲ့ လည်း တစ်ချိန်လုံးဆွေး နွေးနေတယ်လို့လည်း ဖြေကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာရှင်ဇိုအာဘေးရဲ့ ဖိတ်ကြားချက်ကြောင့် ဂျပန်နိုင်ငံကို နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၄ ရက်နေ့အထိ ချစ်ကြည်ရေးခရီးအဖြစ်နဲ့ ရောက်နေတာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဂျပန်ရောက်မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဂျပန်ရောက်မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံ Reviewed by THITHTOOLWIN on 16:38 Rating: 5
Powered by Blogger.