အိန္ဒိယမှာ IS အန္တရာယ် အမေရိကန် သတိပေးချက်ထုတ်ပြန်

အိန္ဒိယနိုင်ငံ Bidipur ဒေသ
အိန္ဒိယ နိုင်ငံမှာ IS စစ်သွေးကြွတွေရဲ့ တိုက်ခိုက်နိုင်တဲ့ အန္တရာယ်ရှိတယ်ဆိုတာကို အမေရိကန်အစိုးရက ပထမဆုံးအကြိမ် အများပြည်သူကို သတိပေးလိုက်ပါတယ်။ အိန္ဒိယ နိုင်ငံမှာရှိနေတဲ့ အမေရိကန်နိုင်ငံသားတွေအတွက် လုံခြုံရေးဆိုင်ရာ နိုးဆော် ချက်ကို နယူးဒေလီ မြို့တော်မှာရှိတဲ့ အမေရိကန်သံရုံးက အင်္ဂါနေ့ညပိုင်းမှာ ထုတ်ပြန်ခဲ့တာပါ။

IS တွေရဲ့ တိုက်ခိုက်နိုင်တဲ့ ရန်ရှိတဲ့အတွက် အမေရိကန်နိုင်ငံသားတွေ အနေ နဲ့ နိုးနိုးကြားကြားနဲ့ လုံခြုံရေးဆိုင်ရာသတိ အထူးရှိကြဖို့၊ အထူးသဖြင့် ဘာသာရေး ဆိုင်ရာနေရာတွေ၊ ဈေးတွေ၊ အခမ်းအနားပွဲကျင်းပတဲ့နေရာတွေမှာ သတိပိုရှိကြဖို့ အမေရိကန်သံရုံးက တိုက်တွန်းထားပါတယ်။ အရင် လုံခြုံရေးဆိုင်ရာ အကြံပေး ချက်ထဲမှာ Indian Mujahideen နဲ့ ပါကက်စတန်မှာအခြေစိုက်တဲ့ Lashkar-e-Tayyiba လို အစ္စလာမ်စစ်သွေးကြွအဖွဲ့တွေကိုသာ ဖော်ပြခဲ့ပေမဲ့ အခုတခါတော့ IS စစ်သွေးကြွအဖွဲ့ နာမည်ကို ဖော်ပြထားပါတယ်။

လတ်တလောမှာပဲ IS စစ်သွေးကြွအဖွဲ့ဝင်တချို့ကို အိန္ဒိယမှာ ဖမ်းဆီးခဲ့တာနဲ့ ခုလို လုံခြုံရေးသတိပေးတာ ဆက်စပ်နိုင်တယ်လို့ အိန္ဒိယ နဲ့ ပါကက်စတန်သံရုံးတွေမှာ တာဝန်ထမ်းခဲ့ဖူးတဲ့ သံဝန်ထမ်းဟောင်းလဲဖြစ် CIA ရဲ့ဆန်းစစ် ကျွမ်းကျင်သူလဲဖြစ် ခဲ့ဖူးတဲ့ Lisa Curtis က VOA ကိုပြောပါတယ်။ တနင်္ဂနွေနေ့ကနေ ကြာသပတေးနေ့ အထိ ကျင်းပတဲ့ ဒေဝါလီပွဲတော်ကာလမှာ တိုက်ခိုက်မှုတွေကို လုပ်ဖို့ကြံစည်နေ တယ်လို့ဆိုတဲ့ IS ဆဲလ်တခုကို Kerala မြို့မှာ ပြီးခဲ့တဲ့လက ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ တာဖြစ်ပါတယ်။

အိမ်နီးချင်း တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ခ်ျ နဲ့ ပါကစ္စတန် နိုင်ငံတွေ မှာလည်း IS စစ်သွေးကြွတွေဟာ ဒေသခံ အစ္စလာမ်အစွန်းရောက် ကွန်ယက်တွေနဲ့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။

  ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
အိန္ဒိယမှာ IS အန္တရာယ် အမေရိကန် သတိပေးချက်ထုတ်ပြန် အိန္ဒိယမှာ IS အန္တရာယ် အမေရိကန် သတိပေးချက်ထုတ်ပြန် Reviewed by THITHTOOLWIN on 16:43 Rating: 5
Powered by Blogger.