ဟူးကောင်း ချိုင့်ဝှမ်းတွင် အစိုးရတပ်နှင့် KIA တိုက်ပွဲ ဖြစ်


ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း တနိုင်းမြို့နယ် ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ၂၊ တပ်ရင်း ၁၄ နယ်မြေ တွင် သြဂုတ် ၃ ရက် ယနေ့ အစိုးရတပ်နှင့် KIA ကြား တိုက်ပွဲ ဖြစ်ပွား နေပါသည်။

KIA တပ်ရင်း ၁၄ အဖွဲ့များ တည်ရှိရာ ရှထူးဇွပ် (Shahtu Zup)၊ ခ ဒ (Hka Da) ရွှေမော် ဘက်ကို အစိုးရ ပူးပေါင်း စစ်ကြောင်းများ ဝင်ရောက်လာသည့်အတွက် မနက် ၉ နာရီခွဲခန့်မှ တိုက်ပွဲ စတင် ဖြစ်ပွား ခဲ့သည် ဟု KIA ရှေ့တန်း သတင်းများတွင် ဖော်ပြထားသည်။

အစိုးရစစ်ကြောင်းမှ KIA နယ်မြေ လုံခြုံရေးမိုင်း စတင် နှင်းမိ ပေါက်ကွဲ ရာမှ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲ မည်မျှ ပြင်းထန်နေသည့် အခြေအနေကိုမူ မသိရ သေးကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေး ဌာန တာဝန်ရှိသူ ဒုဗိုလ်မှုးကြီး နော်ဘူ က ပြောပါသည်။

တပ်မတော်ဘက်မှ ခလရ ၁၀၅ နှင့် ၄၇၊ ခမရ ၃၈၁၊ ၃၈၂ နှင့် ၃၉၀ တို့ ပါဝင်ပြီး အခြား ဒေသခံ လီဆူ ပြည်သူ့စစ်၊ ရှမ်းနီ ပြည်သူ့စစ် နှင့် ဦးဇခုန်တိန့်ယိန်း ပြည်သူ့စစ်တပ်ဖွဲ့တို့ ပါဝင်၊ မပါဝင် အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း ဒုဗိုလ်မှုးကြီး နော်ဘူက ဆိုပါသည်။

ဖားကန့် KIA တပ်ရင်း ၆ တိုက်ပွဲများတွင် နန့်ယား (Nam Ya) ရှမ်းနီပြည်သူ့စစ်အဖွဲ့များ ပါဝင်နေသကဲ့သို့ ယခု တပ်ရင်း ၁၄ တိုက်ပွဲတွင်လည်း လီဆူပြည်သူ့စစ်များ ပါဝင်နိုင်ကြောင်း ပြောဆိုနေသူများလည်း ရှိပါသည်။

အစိုးရ စစ်ကြောင်းများသည် လက်ရှိ ရွှေမော် အနီးနေထိုင်ကြသည့် ရွာသားများအား ဖမ်းဆီး စုရုံးထားကာ ၄င်းတို့၏ ပစ္စည်းများကို သိမ်းယူမှုများ ရှိနေကြောင်း သိရသည်။

ယနေ့ တိုက်ပွဲ ဖြစ်ပွားပြီး မကြာမီ အစိုးရ တိုက်လေယာဉ် ပျံသန်း မှုများလည်း ရှိသည်ဟု ရွာသားများ ဆိုပါသည်။

KIA တပ်ရင်း ၁၄ နယ်မြေတွင်း အစိုးရ စစ်အင်အား တိုးခြင်း၊ ရိက္ခာတင်ပို့ထားခြင်းနှင့် စစ်ရေး လှုပ်ရှား မှုများကို လွန်ခဲ့သော သုံးလ ကျော်မှ ပြုလုပ်နေသည်ကို မြင်ရကြောင်း ဒေသခံများ ပြောပါသည်။

Kachin News Group
http://burmese.kachinnews.com
ဟူးကောင်း ချိုင့်ဝှမ်းတွင် အစိုးရတပ်နှင့် KIA တိုက်ပွဲ ဖြစ် ဟူးကောင်း ချိုင့်ဝှမ်းတွင် အစိုးရတပ်နှင့် KIA တိုက်ပွဲ ဖြစ် Reviewed by THITHTOOLWIN on 16:53 Rating: 5
Powered by Blogger.