တောင်ပြုံးမင်းနှစ်ပါးပွဲတော် နွှဲပျော်ကြတော့မည်


မန္တလေး သြဂုတ် ၅

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ရှိ တောင်ပြုံးဆုတောင်း ပြည့်၊ ဆုတောင်းရ မြတ်စွာဘုရားပွဲတော်နှင့် တောင်ပြုံးအရှင် နှစ်ပါးပွဲတော်ကို သြဂုတ် ၁၁ ရက်မှ ၁၈ ရက်အထိ ရိုးရာအစဉ် အလာအတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပတော့မည် ဖြစ် ကြောင်း သိရသည်။

တောင်ပြုံးပွဲတော်ကြီးကို မြန်မာပြည်အနှံအပြားမှ ရည်ရွယ်ချက်အမျိုးမျိုးဖြင့် လာရောက်ကြသဖြင့် အထက်မြန်မာ ပြည်တွင် အစည်ကားဆုံးပွဲတော်ဖြစ်သည်နှင့်အညီ ဒေသထွက် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချကြမည့် ဆိုင်ခန်းများနှင့်အတူ ဖျော်ဖြေရေးဇာတ်ရုံကြီးများကလည်း အားဖြည့်ဝန်းရံထားသဖြင့် နှစ်စဉ်တိုးမပေါက်အောင် စည်ကားလျက်ရှိသော ပွဲတော်ကြီးဖြစ်သည်။
 ''တောင်ပြုံးပွဲ တော်ကို မန္တလေးမြို့သစ်ကနေ လာရောက်ဈေးရောင်းတာပါ။ ပွဲတော်မစခင်ကတည်း က စည်ကားနေတာ၊ ပွဲတော်ပြီးသွားတဲ့ ရက်တောင် လူကမပြတ်သေးဘူး။ ဈေးလည်းရောင်း ကောင်းတယ်။ ပျော်လည်းပျော်ပါတယ်''ဟု ဈေးရောင်းချသူ တစ်ဦးကပြောသည်။ နတ်ကတော် တစ်ဦးကလည်း '' ဒီနှစ်က ဆိုင်ခန်း ခတွေဈေးတက်သွားတဲ့အတွက် အခက်အခဲတော့ ဖြစ်သွားတယ်။

 ဘယ်လိုပဲဖြစ်ဖြစ် ဒီပွဲတော်ကြီးကို အစဉ်အလာ မပျက် မရောက်ရောက်အောင်လာရတယ်လေ။ ကျွန်မတို့က အရှင်နှစ်ပါးကို ချစ်လည်းချစ်တယ်၊ ကြောက်လည်းကြောက်တယ်''ဟု ပြောသည်။

အဆိုပါ တောင်ပြုံးပွဲတော်ကြီးအား နှစ်ပေါင်းကြာမြင့်စွာ နှစ်စဉ်ကျင်းပလာခဲ့သော်လည်း ပွဲတော်သို့သွားလာသည့်လမ်း များမှာ ကောင်းမွန်မှုမရှိသောကြောင့် အခက်အခဲများစွာဖြင့်သွားလာနေရကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တောင်ပြုံးမင်းနှစ်ပါးပွဲတော် နွှဲပျော်ကြတော့မည်   တောင်ပြုံးမင်းနှစ်ပါးပွဲတော် နွှဲပျော်ကြတော့မည် Reviewed by THITHTOOLWIN on 07:51 Rating: 5
Powered by Blogger.