အဂတိလိုက်စားမှုအတွက် ခိုင်လုံတဲ့အထောက်အထားနဲ့ တင်ပြဖို့ပြောကြား

လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် ကို ပြည်သူ့လွှတ်တော်မှာ တွေ့ရစဉ်
နိုင်ငံတ၀န်းလုံးမှာ အဂတိလိုက်စားမှုတွေကို ထိထိရောက်ရောက်တိုက်ဖျက်နိုင်ဖို့အတွက် အစိုးရကို တိုက်တွန်းရုံနဲ့ မလုံလောက်ဘဲ ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ တိုင်ကြားဖို့ လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က ပြောပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော်မှာ နိုင်ငံအ၀န်း အဂတိလိုက်စားမှု ကျဆင်းရေးအတွက် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဆောင် ရွက်ပေးရေး ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်းအဆိုကို ကိုယ်စားလှယ် ၁၈ ဦးက ထောက်ခံဆွေနွေးပြီးနောက် အတည်ပြုလိုက်ပါတယ်။

အဲဒီ အဆိုကို အတည်ပြုပြီးတဲ့နောက် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် က ပြောခဲ့တာဖြစ်ပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ ဦးမြ၀င်းက နိုင်ငံအတွင်း နှစ်ပေါင်းများစွာ အမြစ်တွယ်နေတဲ့ အဂတိလိုက်စားမှုတွေကို အချိန်အနည်းငယ် နဲ့ ဖြေရှင်းဖို့ဆိုတာ အခက်အခဲ ရှိကြောင်း လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

အဂတိလိုက်စားမှုတွေ ကျဆင်းလျော့နည်းနိုင်ဖို့အတွက် ထိရောက်စွာကိုင်တွယ် ဖြေရှင်းဆောင်ရွက် ပေးရေး ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အဆို ကို လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းက သြဂုတ်လ ၂ရက်နေ့က တင်သွင်းခဲ့တာဖြစ်ပါတယ်။

အဲဒီအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးက ၂ရက်ဆက်တိုက် ထောက်ခံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

စစ်တမ်းတွေအရ အဂတိလိုက်စားမှုရှိတဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၁၇၀ ကျော်ထဲမှာ မြန်မာနိုင်ငံဟာ အဂတိလိုက်စားမှု အဆင့် ၁၄၇ မှာ ရှိနေတဲ့အတွက် ရှက်စရာကောင်းကြောင်းနဲ့ ဒေသတွင်း အာဆီယံနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံ တွေဟာ အဂတိလိုက်စားမှု အများဆုံးဖြစ်ကြောင်း ကိုယ်စားလှယ်တွေက ထောက်ပြဆွေးနွေးခဲ့ကြပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို ၂ဝ၁၃ ခုနှစ် သြဂုတ်လမှာ ပြည်ထောင်စုလွှတ်တော်က ပြဌာန်းခဲ့ပြီးနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော် မရှင်ကို ၂ဝ၁၄ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ နဲ့ ကော်မရှင် ဖွဲ့စည်းထားပေမယ့် နိုင်ငံအတွင်း အဂတိလိုက်စားမှုတွေကို ထိထိရောက်ရောက်မတိုက်ဖျက်နိုင်ကြောင်း လည်း ကိုယ်စားလှယ်တွေက ထောက်ပြခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese
အဂတိလိုက်စားမှုအတွက် ခိုင်လုံတဲ့အထောက်အထားနဲ့ တင်ပြဖို့ပြောကြား  အဂတိလိုက်စားမှုအတွက် ခိုင်လုံတဲ့အထောက်အထားနဲ့ တင်ပြဖို့ပြောကြား Reviewed by THITHTOOLWIN on 20:30 Rating: 5
Powered by Blogger.