ပြုတ်ကျနေသော လိုင်းမီးကြိုးအား ကိုင်မိရာမှ အမျိုးသမီးတစ်ဦး ဓါတ်လိုက်သေဆုံး


ပခုက္ကူမြို့နယ်၊ဖိုကုန်းကျေးရွာ ၌ အမျိုးသမီးတစ်ဦး ဓါတ်လိုက်သေဆုံးခဲ့မှု သြဂုတ်သုံး ရက်က ဖြစ်ပွားခဲ့ကြောင်း နယ်မြေခံရဲစခန်းမှသိရသည်။

 ဖြစ်စဉ်မှာ သြဂုတ် သုံး ရက် ညနေ ၅နာရီ ၅ မိနစ်အချိန်က ပခုက္ကူမြို့နယ်၊မြစ်ခြေတိုက် နယ်ဆေးရုံ၌ ဓါတ်လိုက်သေဆုံးသည့် အမျိုးသမီး အလောင်းတစ်လောင်းရောက်ရှိလာကြောင်းသတင်းအရ မြစ်ခြေနယ်မြေရဲစခန်းမှူး ရဲအုပ်မြင့်စိုးဦး သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

 သေဆုံးသူမှာ မမြင့်မြင့်ခိုင်၊ ဖိုကုန်းကျေးရွာ၊ပခုက္ကူမြို့နယ်နေသူဖြစ်ပြီး နှာခေါင်းဝတွင် အမြုပ်နည်းငယ်ထွက်လျှက်ပြင်ပဒဏ်ရာမရှိ သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့၍ ဖြစ်စဉ်အားစုံစမ်းခဲ့ရာ သေဆုံးသူ မမြင့်မြင့်ခိုင်၏ နေအိမ်ဝိုင်းအတွင်း ဧရာဝတီမြစ်ရေအနက်တစ် ပေခွဲခန့် ဝင်ရောက်လျှက်ရှိပြီး နေအိမ်နောက်ဖေးရှိ လမ်းမီးတိုင်မှ ပြုတ်ကျနေသော လိုင်းမီးကြိုးမှာ အမြင့် ငါး ပေခန့်ရှိ နောက်ဖေး ခြံစည်းရိုးဝန်းထရံပေါ်တွင် သွယ်တန်းလျှက်အနေအထားတွေ့ရှိခဲ့ပြီး သေဆုံးသူ မမြင့်မြင့်ခိုင်မှာ ၎င်းနေရာရှိ နောက်ဖေး ပေါက်မှ အပြင်ထွက်ရန်ပြုစဉ် လိုင်းမီးကြိုးအားကိုင်မိပြီး ဓါတ်လိုက်ကာ ရေထဲသို့ပြုတ်ကျသေဆုံးခြင်းဖြစ်ကြောင်းအမှုစစ်၏စစ်ဆေးချက်အရသိရသည်။

ယင်းအမျိုးသမီးသေဆုံးခဲ့မှုနှင့် ပက်သက်၍ ရဲအုပ်မြင့်စိုးဦး မှ တရားလိုပြုတိုင် ကြားခဲ့သောကြောင့် ပခုက္ကူမြို့နယ်၊ မြစ်ခြေနယ်မြေရဲစခန်း မှ သေမှုသေခင်းအမှတ်စဉ်၆/၂၀၁၆ ဖြင့်အမှုဖွင့်ထားသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ပြုတ်ကျနေသော လိုင်းမီးကြိုးအား ကိုင်မိရာမှ အမျိုးသမီးတစ်ဦး ဓါတ်လိုက်သေဆုံး  ပြုတ်ကျနေသော လိုင်းမီးကြိုးအား ကိုင်မိရာမှ အမျိုးသမီးတစ်ဦး ဓါတ်လိုက်သေဆုံး Reviewed by THITHTOOLWIN on 18:01 Rating: 5
Powered by Blogger.