ဆည်တွေနဲ့ မြစ်ရေတင် စီမံကိန်းတွေကို ပြန်စစ်မည်

(စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းဝင်း က သြဂုတ်လ ၂ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ မေးမြန်းထားတာတွေကို ပြန်လည်ဖြေဆိုစဉ်) Photo: Pyithu Hluttaw
အရင်အစိုးရအဆက်ဆက်က ဆောက်လုပ်ခဲ့တဲ့ ဆည်တွေနဲ့ မြစ်ရေတင် စီမံကိန်းတချို့ဟာ ကိုယ်ကျိုးစီးပွားအတွက် ဆောက်လုပ်ခဲ့တာတွေ ရှိတဲ့အတွက် တိုင်းပြည်နဲ့ ဒေသခံတွေအတွက် အကျိုးရှိ မရှိ ပြန်လည်သုံးသပ်သွားမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ ထွန်းဝင်းက ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ ပြောပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းကျော်က နိုင်ငံတော်အစိုးရက ဆည်တွေနဲ့ မြစ်ရေတင်စီမံကိန်းတွေ လုပ်ဆောင်တဲ့အခါ ဆောက်လုပ်ခဲ့တဲ့ တန်ဖိုးနဲ့ ပြန်လည်ရရှိမယ့် အကျိုးအမြတ် တွက်ချက်ပါသလားလို့ မေးမြန်းရာမှာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း က ပြောခဲ့တာဖြစ်ပါတယ်။

မြစ်ရေတင်စီမံကိန်း ၃၀၀ ကျော်မှာ ၁၇၀ ကျော်ကို ရပ်နားထားခဲ့ပြီး နောင်မှာ ရေရှည်မခံဘဲ တိုင်းပြည်အတွက်အကျိုးမရှိရင် ခွင့်ပြုမှာမဟုတ်ကြောင်းလည်း ဒေါက်တာထွန်းဝင်း က ပြောပါတယ်။

မေးခွန်းမေးမြန်းတဲ့ ဦးလင်းလင်းကျော် က ရှမ်းပြည်နယ် ရပ်စောက်မြို့နယ်မှာရှိတဲ့ ဆောက်လုပ်စ ဆည်ကနေ ၀မ်းတွင်း၊ သာစည်မြို့နယ်တွေကို ရေပေးဝေဖို့အတွက် ဆောက်လုပ်နေတဲ့ ကင်းတားရေလွှဲဆည်ဟာ စီမံကိန်းပြီးစီးသွားရင် မြေဧက ၃သောင်းကျော်ကို အမှန်တကယ် ရေပေးဝေနိုင်မလားဆိုတာကိုလည်း မေးမြန်းခဲ့ပါတယ်။ ရပ်စောက်မြို့နယ်မှာ ဆောက်လုပ်နေတဲ့ ကျိုင်းခမ်းဆည်ကို ၂၀၁၈-၂၀၁၉ ခုနှစ်မှာ အပြီးတည်ဆောက်သွားမယ်လို့ ဒုတိယ၀န်ကြီးက ဖြေကြားခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ဆည်စီမံကိန်းတွေ မြစ်ရေတင်စီမံကိန်းတွေကို စိစစ်လေ့လာပြီး လွှတ်တော်ကို ပြန်လည်တင်ပြဖို့လိုအပ်ကြောင်း ပြောခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ဆည်တွေနဲ့ မြစ်ရေတင် စီမံကိန်းတွေကို ပြန်စစ်မည်  ဆည်တွေနဲ့ မြစ်ရေတင် စီမံကိန်းတွေကို ပြန်စစ်မည် Reviewed by THITHTOOLWIN on 17:35 Rating: 5
Powered by Blogger.