မကွေးမြို့နယ် မြေနုကျွန်းကျေးရွာ ရွာလုံးကျွတ် ရေလွှမ်းမိုးနေ


မကွေး၊ သြဂုတ်၂။

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မြေနုကျွန်းကျေးရွာတွင် ရွာလုံးကျွတ် ရေလွှမ်းမိုးမှုခံနေရပြီး ကုန်းမြင့်ဒေသဖြစ်သော အခြားရွာများတွင် သွားရောက်နေထိုင်နေရကြောင်း သိရသည်။

''အဓိကက ဘာတွေလိုအပ်နေလဲဆိုတော့ ဆန် ဆီ လို့ပဲပြောရမှာပဲ။ ရွာက လူတွေက လက်လုပ်လက်စားတွေများတယ်။ တစ်နေ့လုပ်မှ တစ်နေ့စားရတာ။ အခုက သူများရွာမှာ သွားပြီး ကပ်နေရတော့ စားဝတ်နေရေးက တကယ်ကို ကျပ်တည်းနေတယ်'' ဟု ရေဘေးကူညီပေးနေသော ဆရာတော် ဦးစန္ဒိမာစာရ က သြဂုတ်လ၂ရက်နေ့တွင် မိန့်ကြားခဲ့သည်။


ယခုအခါ အဆိုပါ မြေနုကျွန်းကျေးရွာမှ ရွာသူ ရွာသားများသည် မင်းဘူးမြို့နယ်၊ ရွှေကြီးအိုးကျေးရွာ နှင့် မကျည်းပင်ကျေးရွာတို့တွင် သွားရောက်နေထိုင်လျက်ရှိသည်။

''ဘုန်းဘုန်းကတော့ လူပဲလက်ခံထားနိုင်တယ်။ စားဝတ်နေရေးကိုတော့ မလှူနိုင်ဘူး။ လှူမယ့်အလှူရှင်တွေတော့ တကယ်လိုအပ်ပါတယ်။ အဝတ်အစားဆိုတာက မရှိ ရှိတာကို ချွေတာဝတ်လို့ရပေမယ့် အစားအစာကတော့ အဖြစ်မနေစားမှ ရမှာ'' ဟု ရေဘေးရှောင်များကို နေရာပေးလက်ခံထားသော မကျည်းပင်ရွာမှ ဆရာတော် ဦးဝိလာသက မိန့်သည်။


အဆိုပါ ရေလွှမ်းမိုးခံ ရွာသူရွာသားများအနေဖြင့် ရေပြန်ကျသွားရင်သော်လည်းပဲ နှုန်းများ ခြောက်အောင်စောင့်ရမည့်အပြင် နေအိမ်အများစုမှာလည်း လုံးဝပျက်စီးနေသဖြင့် အိမ်များပြန်လည်ဆောက်ရန် လိုအပ်မည်ဖြစ်ကြောင်း ရွာသူရွာသားများထံမှ သိရသည်။


မကွေးမြို့နယ် မြေနုကျွန်းကျေးရွာတွင် အိမ်ခြေ ၂၄၃အိမ် အိမ်ထောင်စု ၂၈၄စုရှိကာ လူဦးရေပေါင်း ၉၈၄ယောက် ရှိကြောင်းသိရပြီး ဆက်သွယ်လှူဒါန်းလိုသူများအနေဖြင့် ဆရာတော် ဦးစန္ဒိမာစာရ ဖုန်း ၀၉၄၀၁၅၈၃၃၁၃ နှင့် ဆရာတော် ဦးဝိလာသ ဖုန်း၀၉၄၀၁၆၇၉၉၁၇ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

ဓာတ်ပုံ-တေဇာအောင်
Central News Myanmar
https://www.facebook.com/CNMyanmar
မကွေးမြို့နယ် မြေနုကျွန်းကျေးရွာ ရွာလုံးကျွတ် ရေလွှမ်းမိုးနေ  မကွေးမြို့နယ် မြေနုကျွန်းကျေးရွာ ရွာလုံးကျွတ် ရေလွှမ်းမိုးနေ Reviewed by THITHTOOLWIN on 17:31 Rating: 5
Powered by Blogger.