အမှိုက်ကားမလာသဖြင့် မြို့နယ်စည်ပင်ရုံးရှေ့ သို့ သွားရောက် အမှိုက်စွန့်ပစ်သူ ဒဏ်ငွေ ကျပ် ၁ သိန်း ချမှတ်ခံရ


မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့တွင် ဒေသခံတဦးက အမှိုက်များ လာရောက်စွန့်ပစ်သွားကြောင်း စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းရာ စည်ပင်ရုံးရှေ့၌ အမှိုက်စွန့်ပစ်သူမှာ မော်လမြိုင်မြို့ အမှတ် (၈၄) သုတလမ်း ထန်းပင်ကုန်းရပ်၊ ကျိုက်ဖနဲရပ်ကွက်မှ ဦးဟိန်းမိုးဦးဟု သိရသည်။

ဦးဟိန်းမိုးဦးအား တောင်ပိုင်းဂျာနယ်လစ်ကွန်ရက်ရုံးတွင် တွေ့ဆုံမေးခဲ့ရာ “ကျွန်တော် မြို့နယ်စည်ပင်ရုံးကို လေးကြိမ်လောက်ပြောခဲ့တယ်။ ကျွန်တော်တို့ ရပ်ကွက်လမ်းကြားထဲကို အမှိုက်ကား မရောက်ဘူး။ ကျွန်တော် စည်ပင်သာရေးအဖွဲ့ရုံးရှေ့ကို အမှိုက်စွန့်တာ ပြန့်ကြဲနေအောင် မလုပ်ဘူး။ ကြွပ်ကြွပ်အိတ်၊ ပုံးတွေနဲ့ထည့်ပြီး ချထားတယ်။ စည်ပင်သာယာ ရေးအဖွဲ့ရုံးက သြဂုတ်လ ၂ ရက်နေ့မှာ ခေါ်တွေ့တယ်။ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေး မှူး ဦးမြင့်သိန်းက စည်ပင်ဥပဒေကိုရှင်းပြပြီး ငွေဒဏ်ဆို ၁ သိန်းကနေ ၁၀ သိန်း၊ ထောင်ဒဏ်ဆို ၁ နှစ်ကျခံရမယ်လို့ ပြောတယ်။ ၂၀၁၆ ခုနှစ် သြဂုတ် ၃ ရက် ထပ်တွေ့ပြီး ခံဝန်ထိုးခိုင်းတယ်။ ကျွန်တော် ခံဝန်မထိုးနိုင်ဘူးလို့ ပြောတယ်။ ဒဏ်ငွေဆောင်ခိုင်းတယ်။ ကျွန်တော်က ရပ်ကွက်နေပြည်သူအားလုံးသိအောင် အမှိုက်ကားလာမယ်ဆိုတာ စာထုတ် ပေးပါ။ ကျွန်တော် ငွေဒဏ်တသိန်းဆောင်ပေးမယ်ပြောခဲ့တယ်။ သြဂုတ်လ ၄ ရက်မှာ စာထုတ်ပြီးရင် ကျွန်တော်လည်း ငွေချက်ချင်းသွင်းမယ်လို့ ပြောခဲ့ တယ်”ဟု ပြောသည်။

“မော်လမြိုင်မြို့မှာ ရပ်ကွက် ၂၉ ခုရှိတယ်။ စည်ပင်အမှိုက်ကား ၁၁ စီးပဲရှိတယ်။ ဒီအထဲ တစီးပျက်ခဲ့ရင် အမှိုက်က ပုံနေတယ်။ တမြို့လုံးကို အဆင်ပြေအောင်လုပ်ဆောင်နေတယ်။ ခုလို စည်းကမ်းမဲ့ အမှိုက်လာပစ် သွားတာကိုတော့ လက်မခံနိုင်ဘူး။ ဆွေးနွေးလို့ ရပါတယ်။ ခုဖြစ်စဉ်က မော်လမြိုင်မြို့မှာ ပထမဆုံးအကြိမ် ဖြစ်ခဲ့တာပါ။ နောက်ပိုင်းမှာ ဥပဒေအရ ဆောင်ရွက်သွားမှာပါ။ အဲဒီ ကျိုက်ဖနဲရပ်ကွက် ကြက်လျှာစွန်း သုတလမ်းထိပ်ထိ အမှိုက်ကားရောက်ပါတယ်။ လမ်းကြောင်းအခက်အခဲ တော့ရှိတာပေါ့။ မြို့သာယာလှပဖို့ ရပ်ကွက်နေပြည်သူများ စုပေါင်းပြီး လုပ်ဆောင်ဖို့ လိုပါတယ်”ဟု အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သိန်းက News Watch သို့ ပြောသည်။

ထွန်းထွန်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
အမှိုက်ကားမလာသဖြင့် မြို့နယ်စည်ပင်ရုံးရှေ့ သို့ သွားရောက် အမှိုက်စွန့်ပစ်သူ ဒဏ်ငွေ ကျပ် ၁ သိန်း ချမှတ်ခံရ   အမှိုက်ကားမလာသဖြင့် မြို့နယ်စည်ပင်ရုံးရှေ့ သို့ သွားရောက် အမှိုက်စွန့်ပစ်သူ ဒဏ်ငွေ ကျပ် ၁ သိန်း ချမှတ်ခံရ Reviewed by THITHTOOLWIN on 11:16 Rating: 5
Powered by Blogger.