မြိတ်မှာ စက်ရုံ ၂ ရုံကို ရပ်ဆိုင်းဖို့ ညွှန်ကြား

တနင်္သာရီတိုင်း မြိတ်မြို့က တိရစ္ဆာန်အစာ ထုတ်လုပ်တဲ့ ငါးအမှုန့်ကြိတ်စက်ရုံ တစ်ရုံကို တွေ့ရစဉ်။ Photo: Kyaw Lwin Oo/RFA
တနင်္သာရီတိုင်း မြိတ်မြို့မှာရှိတဲ့ အဆောင်ကောင်း နဲ့ မင်းဇာနည် ငါးအမှုန့်ကြိတ်စက်ရုံ ၂ ရုံဟာ အနံ့ဆိုးတွေ ထွက်နေတဲ့အတွက် တိုင်းအစိုးရက ညွှန်ကြားခဲ့ပေမယ့် မလိုက်နာတဲ့အတွက် လုပ်ငန်းလည်ပတ်ခွင့် ၆ လ ရပ်ဆိုင်းလိုက်ပါတယ်။

အနံ့ဆိုး မထွက်အောင် ဆောင်ရွက်ဖို့နဲ့ ရေဆိုးတွေကို ပင်လယ်ထဲမစွန့်ပစ်ဖို့ ညွှန်ကြားတာကို မလိုက်နာတဲ့ အတွက် အဆောင်ကောင်းနဲ့ မင်းဇာနည်ကို လည်ပတ်ခွင့် ရပ်နားခိုင်းတာဖြစ်တယ်လို့ တနသာင်္ရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က ပြောပါတယ်။

မြိတ်မြို့ အင်းလေးမြိုင်စက်မှုဇုန်မှာ မင်းဇာနည်၊ ထူးထူးတိုး၊ အဆောင်ကောင်း၊ ဗဲင်(န်)တေ့(ခ်ျ)၊ ပထော်ပထက် ကျွန်း စတဲ့ ငါးအမှုန့်ကြိတ်စက်ရုံ ၅ ရုံရှိတာဖြစ်ပါတယ်။

ထူးထူးတိုး ငါးအမှုန့်ကြိတ်စက်ရုံက အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်တွေနဲ့အညီ ပြန်လည်ပြင်ဆင်ထားပေမယ့် ထူးထူးတိုးကြက်ခြံကို အညစ်အကြေးတွေ စနစ်တကျစွန့်ပစ်ဖို့ ညွှန်ကြားထားပြီး လိုက်နာဖို့ပျက်ကွက်ရင် ၆လ ပိတ်သိမ်းရမှာဖြစ်ကြောင်း အကြောင်းကြားထားတယ်လို့လည်း ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က ပြောပါတယ်။

ကျန်တဲ့စက်ရုံတွေဖြစ်တဲ့ Vantage ဗဲင်(န်)တေ့(ခ်ျ) စက်ရုံက သွပ်ပြားထုတ်စက်ရုံအဖြစ် လုပ်ငန်းပြောင်းမှာဖြစ် တာကြောင့် လုပ်ငန်းရပ်နားခိုင်းတဲ့ စာရင်းမှာ မထည့်သွင်းထားသလို ပထော်ပထက်ကျွန်းက စက်ရုံကိုတော့ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေက သွားရောက်စစ်ဆေးထားတယ်လို့လည်း ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်လဝန်းကျင်က ငါးအမှုန့်ကြိတ်စက်ရုံတွေကို အနံ့ဆိုးမထွက်အောင်နဲ့ ရေဆိုးစွန့်ပစ်မှုစနစ်တွေကို စနစ်တကျဆောင်ရွက်ဖို့ သတိပေးခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့က ဝန်ကြီးချုပ်ကိုယ်တိုင် ဝင်ရောက်စစ်ဆေးရာမှာ ညွှန်ကြားချက်တွေကို မလိုက်နာတဲ့ စက်ရုံ ၂ ရုံ ယာယီ ရပ်နားခံရတာ ဖြစ်ပါတယ်။

မြိတ်မြို့မှာ လွန်ခဲ့တဲ့အစိုးရ လက်ထက်ကတည်းက ငါးအမှုန့်ကြိတ်စက်ရုံတွေရှိခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၂ဝ၁၂ခုနှစ် က အနံ့ဆိုးထွက်တဲ့စက်ရုံတွေကို ပိတ်သိမ်းပေးဖို့ ဒေသခံတွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese
မြိတ်မှာ စက်ရုံ ၂ ရုံကို ရပ်ဆိုင်းဖို့ ညွှန်ကြား မြိတ်မှာ စက်ရုံ ၂ ရုံကို ရပ်ဆိုင်းဖို့ ညွှန်ကြား Reviewed by THITHTOOLWIN on 21:42 Rating: 5
Powered by Blogger.