ဓားလက်နက်ကိုင်ပြီး ကျွန်မတို့နေတဲ့ အိမ်ထရံကို လာချိုးတဲ့အထိ အတင့်ရဲ မခန့်လေးစား လုပ်ခံရတဲ့ ဆရာမလေးများနှင့် Facebook ပေါ်မှ ရိုက်ခတ်သံ

“ဓားလက်နက်ကိုင်ပြီး ကျွန်မတို့နေတဲ့ အိမ်ထရံကို လာချိုးတဲ့အထိ အတင့်ရဲ မခန့်လေးစား လုပ်ပါတယ်”
ဒေါ်ထက်ထက်ဆွေ (အလယ်တန်းပြ အလက (၇) လားရှိုးမြို့)


ကျွန်မတို့နိုင်ငံရဲ့ လက်ရှိ အာရုံစိုက်စရာတစ်ခု ဖြစ်တဲ့ ပညာရေးရဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာ အရေးကြီးတဲ့ အခန်းကဏ္ဍတွေ များစွာရှိတဲ့ အထဲကမှ အခြေခံပညာရေး ဝန်ထမ်းတွေရဲ့ လူနေမှု ဘဝဟာလည်း အဓိကကျတဲ့ ကဏ္ဍတစ်ရပ် ဖြစ်တယ်လို့ ကျွန်မ ထင်မြင်မိပါတယ်။ အများသိကြသည့် အတိုင်းပါပဲ အခြေခံပညာက ဆရာ၊ ဆရာမတွေအတွက် ဝန်ထမ်းအိမ်ရာ အစီအစဉ်ဆိုတာ နေပြည်တော်လို နေရာကလွဲရင် မရှိသလောက် (နီးပါး) ပါ။ ဘယ်မြို့မှာမဆို အခြားဝန်ထမ်းတွေဟာ မိသားစုပါ နေထိုင်ရေး အဆင်ပြေတတ်ပါတယ်။ ဥပမာ- ကျန်းမာရေးဌာန၊ စည်ပင်၊ ထွေ/အုပ်၊ ဆက်သွယ်ရေး၊ ရဲဌာန၊ စစ်တပ်၊ သစ်တော၊ လျှပ်စစ်၊ လဝက၊ ကညန၊ အဆင့်မြင့်ပညာ၊ ဆောက်လုပ်ရေး၊ စီမံကိန်း စသည်ဖြင့်ပေါလေ။ ရှိခဲ့ရင်လည်း ရပ်/ရွာ ကောင်းတဲ့ ဒေသလောက်သာ ရပ်/ရွာ ကောင်းမှုနဲ့ပေါ့။

အခြေခံပညာက ဆရာ၊ ဆရာမများဟာ အင်အားများလို့ မိခင်ဌာန လုပ်ငန်းမဟုတ်တဲ့ အင်အားပြရတဲ့ ကိစ္စတွေမှာလည်း အသုံးတော်ခံရလေ့ ရှိပြီး အခွင့်အရေးမှာတော့ သာတူညီမျှ မရတဲ့အတွက် မိအေးနှစ်ခါ နာကြရပါတယ်။ ကျွန်မတို့ကျောင်းက ဆရာမတွေဟာ (လစာ- ၁၆၅,၀၀၀ မှာ) တစ်လစာ အိမ်လခ ငါးသောင်းကနေ ခြောက်သောင်းအထိ ပေးပြီး ငှားရမ်းနေထိုင်နေကြရပါတယ်။ စားဖို့ဝတ်ဖို့ထက် တစ်လတစ်လ အိမ်ငှားခ လုပ်ကျွေးနေရသလိုပါ။ မြို့ပေါ်မို့လို့လား မေးစရာ ရှိပါ့မယ်။ အချို့လည်း (အနည်းစုသာ) ကျောင်းဝင်းထဲမှာ နေခွင့်ရကြပါတယ်။ ကျောင်းဝင်းထဲ နေထိုင်ရတယ် ဆိုတာက ဝန်ထမ်းအိမ်ရာနဲ့ အဓိပ္ပာယ် မတူပါဘူး။ ကပ်နေရသလိုလို မျက်နှာရိပ် ကြည့်နေရတာမျိုးပါ။ အများထက် ပိုပြီး အနစ်နာခံ အလုပ်လုပ် ပေးရတာလည်း ရှိပါသေးတယ်။ ဒါဟာ မညီမျှခြင်း အသေးစားပါ။

ကျွန်မ ကိုယ်တွေ့အရ မြို့နယ်လေးတွေ၊ ရွာတွေမှာလည်း အများအားဖြင့် လုံခြုံမှုမရှိဘဲ ကျီးလန့်စာ စားနေကြရပါတယ်။ ကျွန်မတို့ ပထမဆုံး တာဝန်ကျခဲ့တဲ့ သီပေါမြို့ အထက (၂) မှာ ဒေသခံ မဟုတ်သော ကျွန်မတို့ ဆရာမ ခြောက်ယောက်ဟာ ကျောင်းဝင်းထဲက ထရံအိမ်လေးမှာ နေကြပါတယ်။ မြို့ပေါ်ဖြစ်ပြီး ရဲစခန်းနဲ့ အကျဉ်းထောင်တို့ရဲ့ အလယ်မှာ ရှိတာတောင် လုံခြုံမှု မရှိပါဘူး။ ကျောင်းဝင်းထဲကို ဘိန်းစားတွေ အမြဲဝင်ပါတယ်။ ဓားလက်နက်ကိုင်ပြီး ကျွန်မတို့နေတဲ့ အိမ်ထရံကို လာချိုးတဲ့အထိ အတင့်ရဲ မခန့်လေးစား လုပ်ပါတယ်။ ဘယ်သူကာကွယ်ပေးလဲ။ ဘယ်သူမှ မကာကွယ်ပေးနိုင်ဘူး။ သေခါမှ သေရောပဲ။ နေရတာပါပဲ။ ဒါဟာ လုံခြုံတဲ့ ဝန်ထမ်းအိမ်ရာ မဟုတ်ခြင်းကြောင့်ပါ။ ရွာတစ်ရွာကို တာဝန်ကျတဲ့ ကျွန်မ သူငယ်ချင်းဆို ဆရာနဲ့ ဆရာမ နှစ်ယောက်ကို အခန်းမရှိတဲ့ အိမ်တစ်လုံးထဲမှာ အတူထားတော့ မနေနိုင်လို့ အလုပ်ပဲ စွန့်လာခဲ့ရတယ်။ မိုးတွင်းဆို တက်ဖို့ဆင်းဖို့ မဖြစ်နိုင်တဲ့ စစ်ဆေးရေးတောင် မသွားနိုင်တဲ့ ရွာကို တာဝန်ကျတဲ့ ညီမလေးဆို နေရမယ့်နေရာက မလုံခြုံတဲ့အပြင် အရေးအကြောင်း ရှိလို့မှ လှမ်းအော်ရင် ဘယ်သူမှ မကြားနိုင်တဲ့ နေရာမျိုးမို့လို့ အလုပ်မဝင်နိုင်တာလည်း ရှိပါတယ်။ မသမာသူ၊ သူပုန် စသည်ဖြင့် အန္တရာယ်တွေကြားမှာ တာဝန်ကို မစွန့်လွှတ်နိုင်တဲ့ ဆရာမငယ်လေးတွေ အမှန်တကယ် ရှိနေပါတယ်။

ပြောချင်တာက နေထိုင်ရေးဟာ တစ်ယောက်နဲ့တစ်ယောက် အခြေအနေတွေ ကွာခြားပြီး ဝန်ထမ်းချင်း အတူတူ ဖြစ်ပေမယ့် မညီမျှချက်တွေ များနေတယ်လို့ ထင်ပါတယ်။ ဆရာမ တစ်ယောက်ဟာ တာဝန်ကျရင် သင်ကြားရေး ဘယ်လိုပေါက်မြောက်အောင် သင်မလဲ တွေးဖို့ထက် နေထိုင်ရေး အခက်အခဲက အရင်စီးကြိုနေမှာပဲ။ နေထိုင်ရေးအတွက် သာမက သွားလာရေး ခက်ခဲမှု နှစ်မျိုးစလုံး များစွာရှိနေပါတယ်။ မြို့နဲ့ဝေးပြန်တော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသလို အစစအရာရာ လူနေမှု နိမ့်ကျရပါတယ်။

တစ်ခါတစ်ခါ မြို့တက်၊ အစည်းအဝေးသွား၊ အိမ်ပြန်လိုက်ရင် လစာက ကုန်ရော။ မြို့နဲ့အလှမ်းနီးပြန်တော့ နေ့စဉ် သွားလာရတဲ့ ဒုက္ခဟာ မသေးလှပါဘူး။ နေပူ၊ မိုးရွာမရှောင် ဟိုက်ဝေးလမ်းမကြီးတွေဘေးမှာ နေ့စဉ်နဲ့အမျှ အချိန်မှန် ကားတားပြီး စီးနေရတာဟာ အခြေခံပညာက ဆရာ၊ ဆရာမတွေသာ ဖြစ်ကြောင်း တွေ့နိုင်ပါတယ်။ အချို့က ရိသဲ့သဲ့၊ အချို့က ငြူစူ၊ အချို့ကလည်း တရိုတသေပေါ့။ မျက်နှာငယ်ကြရပါတယ်။ ဤသို့ အခက်အခဲများ ရှိနေကြတဲ့ ဝန်ထမ်း (အများစုဟာ) မိမိအလုပ်တာဝန်နဲ့ မိမိတာဝန်ကျရာဒေသ တိုးတက်ရေး၊ အောင်မြင်ရေးထက် အဆင်ပြေရာ ဒေသများသို့သာ ပြောင်းရွှေ့ဖို့သာ စိတ်အားထက်သန်ကြပါလိမ့်မယ်။

ဘယ် (အစိုးရ/ပုဂ္ဂလိက) လုပ်ငန်းမဆို သစ္စာစောင့်သိတဲ့၊ တာဝန်သိတဲ့ ဝန်ထမ်းတွေနဲ့ တည်ဆောက်မှ အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။ ဝန်ထမ်းလုပ်ငန်းခွင် ပျော်ရွှင်တက်ကြွ သစ္စာစောင့်သိဖို့ စိတ်ဓာတ်ရော လူနေမှု မြှင့်တင်ပေးရမယ်လို့ ထင်ပါတယ်။ နိုင်ငံတကာအဆင့်ထိ မဟုတ်တောင် အခြားဝန်ကြီးဌာနတွေ နည်းတူ အခြေခံပညာက ဆရာ၊ ဆရာမတွေရဲ့ လူနေမှုဘဝကို တန်းတူရှိအောင် ကူညီမြှင့်တင်ပေးမယ် ဆိုရင်တော့ စိတ်ဓာတ်တွေ မြင့်မားပျော်ရွှင်ပြီး လုပ်ငန်းတာဝန်တွေကို ပိုမိုအာရုံစိုက်ပြီး တိုးတက်မှုကို ပိုပြီး ဦးတည်နိုင်မယ်လို့ ထင်မြင်ယူဆမိပါတယ်။

အဆုံးသတ် အနေနဲ့ကတော့ မြို့ကြီးတွေမှာရှိတဲ့ အဆင်ပြေ ချောမွေ့နေတဲ့ ဆရာ၊ ဆရာမ ဦးရေနဲ့ မြို့နယ်၊ ကျေးလက်များ၌ တာဝန်ကျ၍ အခက်အခဲရှိနေတဲ့ ဆရာ၊ ဆရာမ ဦးရေကို ချိန်ဆပြီး ပညာရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်ထောင့်တစ်ကဏ္ဍအဖြစ် ထည့်သွင်းစဉ်းစားပေးနိုင်ဖို့ မျှော်လင့်ရင်း အခြေခံပညာရေး မောင်နှမများကိုယ်စား တင်ပြလိုပါတယ်။

ဒေါ်ထက်ထက်ဆွေ (အလယ်တန်းပြ အလက (၇) လားရှိုးမြို့)
ဓားလက်နက်ကိုင်ပြီး ကျွန်မတို့နေတဲ့ အိမ်ထရံကို လာချိုးတဲ့အထိ အတင့်ရဲ မခန့်လေးစား လုပ်ခံရတဲ့ ဆရာမလေးများနှင့် Facebook ပေါ်မှ ရိုက်ခတ်သံ  ဓားလက်နက်ကိုင်ပြီး ကျွန်မတို့နေတဲ့ အိမ်ထရံကို လာချိုးတဲ့အထိ အတင့်ရဲ မခန့်လေးစား လုပ်ခံရတဲ့ ဆရာမလေးများနှင့် Facebook ပေါ်မှ ရိုက်ခတ်သံ Reviewed by THITHTOOLWIN on 12:27 Rating: 5
Powered by Blogger.