တောင်သူ ၅၀ ကျော် လယ်မြေလျော်ကြေးပေးဖို့ ဆန္ဒပြတောင်းဆို

မြေယာလျော်ကြေးပြန်ပေးဖို့အတွက် ဇူလိုင်လ ၂၅ ရက်နေ့က မုံရွာမြို့မှာ တောင်သူတွေဆန္ဒပြတောင်းဆိုနေစဉ်။ Photo: Hset Paing Toe/ RFA
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်က တကောင်းနီကယ်စက်ရုံစီမံကိန်းကြောင့် သိမ်းယူခံထားရတဲ့ မြေယာဧက ၃ထောင် အတွက် လျော်ကြေးပေးဖို့ နဲ့ စက်ရုံကို ဖျက်သိမ်းပေးဖို့ ဒေသခံတောင်သူ ၅၀ ကျော်က ဒီကနေ့ မုံရွာမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။

ကျောက်မီးသွေးအသုံးပြုနေတဲ့ နီကယ်စက်ရုံကို ဖျက်သိမ်းပေးစေချင်ကြောင်းနဲ့ မြေယာလျော်ကြေး တွေကို ပြန်ပေးစေချင်ကြောင်း တောင်သူ ဦးနေ၀င်း က ပြောပါတယ်။

၂၀၀၈ ခုနှစ်က တောင်သူ ၁၄၀ ကျော်ပိုင်ဆိုင်တဲ့ ယာမြေဧက ၃ထောင်ခန့်ကို နီကယ်စက်ရုံစီမံကိန်း အတွက် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က သိမ်းဆည်းခဲ့ပြီး သီးနှံလျော်ကြေးအဖြစ် တစ်ဧကကို ငွေကျပ် ၅ သောင်းစီ ပေးအပ်ခဲ့ပါတယ်။

သိမ်းဆည်းစဉ်က သီးနှံလျော်ကြေးသာ ပေးခဲ့ပြီး မြေယာလျော်ကြေးပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြတောင်သူတွေက ပြောပါတယ်။

တကောင်းနီကယ်စက်ရုံကို အရင်က သတ္တုတွင်းဝန်ကြီးဌာန လက်အောက် အမှတ် ၃ သတ္တုတူး ဖော်ရေးလုပ်ငန်းနဲ့ တရုတ်ကုမ္ပဏီဖြစ်တဲ့ CNICOကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက် တာဖြစ်ပါတယ်။

နီကယ်စက်ရုံအနီးမှာ ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ ဂရိတ်ဝေါကုမ္ပဏီက သကြား၊ မြေသြဇာနဲ့ သစ်စက်ရုံ ၆ရုံရှိပြီး အဲ့ဒီစက်ရုံတွေအတွက် မြေဧက တစ်ရာခန့် ကို ကုမ္ပဏီက သိမ်းယူထား တယ်လို့လည်း တောင်သူတွေက ပြောပါတယ်။

ဆန္ဒပြသူတွေဟာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးရရှိဖို့၊ ဒေသခံတွေ အတွက် လုံခြုံရေးစိုးရိမ်ရတဲ့ နီကယ်စက်ရုံကို ဖျက်သိမ်းပေးဖို့ နဲ့ ဂရိတ်ဝေါစက်ရုံ ၆ ရုံကိုပိတ်သိမ်းပေး ဖို့တို့ကို တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
တောင်သူ ၅၀ ကျော် လယ်မြေလျော်ကြေးပေးဖို့ ဆန္ဒပြတောင်းဆို  တောင်သူ ၅၀ ကျော် လယ်မြေလျော်ကြေးပေးဖို့ ဆန္ဒပြတောင်းဆို Reviewed by THITHTOOLWIN on 19:18 Rating: 5
Powered by Blogger.