ကသာမြို့  မြစ်ကမ်းအနီးရှိ မြို့ပေါ်ရပ်ကွက် အချို့ ရေမြုပ်

ကသာမြို့၌ ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်ထက်မြင့်တက်မှုကြောင့် မြစ်ကမ်းအနီးရှိမြို့ပေါ်ရပ်ကွက် အချို့မှ နေအိမ်များ ရေလွတ်ရာသို့ ပြောင်းရွှေ့နေရ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၌ ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်ထက်ကျော်လွန်မြင့်တက်မှုကြောင့်
ဇူလိုင်၂၈ရက်တွင် မြစ်ကမ်းအနီးရှိမြို့ပေါ်ရပ်ကွက်အချို့မှ ရေလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေ ထိုင်နေရကြောင်း သိရှိရသည်။

 ကသာမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၁၀ ခုရှိပြီး မြစ်ကမ်းနီးသည့် ရပ်ကွက်(၈)ပိန္ဒဲကုန်း၊ နတ်ကြီးကုန်းကျေးရွာ တို့တွင် အိမ်ခြေ ၃၃၀ ရှိရာ အိမ်ခြေ ၂၀ ခန့်သည် ကြမ်းခင်းနှင့်ရေထိနေကာ ကျန်အိမ်များသည် အိမ်ထက်ဝက်ခန့် ရေနှစ်မြုပ်နေကြောင်း ရပ်ကွက်(၈)အုပ်ချုပ်ရေးရုံးမှ သိရသည်။
 “ဒီရပ်ကွက်မှာနေ၊ ဒီမှာပဲကြီးပြင်းလာလို့ ရေကြီးတာကတော့ သာမန်ဖြစ်စဉ်ပါ။ စိုးရိမ်ရေမှတ် ရောက်တာ ကတော့ ကျွန်တော်တစ်သက်နှစ်ကြိမ်ကြုံဖူးတယ်။ အနိမ့်ပိုင်းတွေကတော့ ပြောင်းရွှေ့နေထိုင်လို့ရအောင် သုံးနေရာခွဲစီစဉ်ပေးထားတယ်။ တကယ်ခက်ခဲနေတဲ့မိသားစုတွေကို ဆန်၊ ဆီ၊ ထောက်ပံ့ပေးဖို့ စီစဉ်ထားပါတယ်။” ဟု ကသာမြို့၊ ရပ်ကွက်(၈)အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်က ပြောသည်။


 ကသာမြို့ဘက်ကမ်းနားရှိ ရပ်ကွက်(၈)ပိန္ဒဲကုန်း၊ နတ်ကြီးကုန်းကျေးရွာတို့မှ ဒေသခံများသည် စေတီကုန်း ဘုန်းကြီးကျောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ နတ်ကြီးကုန်းဓမ္မာရုံတို့တွင် ခွဲဝေနေထိုင်သူ အိမ်ထောင်စု(၇)စု ရှိကြောင်း သိရသည်။
 “ရုံးမှာသွားနေရတာ မိသားစု၁၀ ယောက်ပါ။လက်လုပ်လက်စားပါပဲ။အရင်က ရေကြီးရင်အိမ်မနစ်ပါဘူး။ ဒီနှစ်မှ ရေနစ်သွားတာပါ။ကလေးတွေရှိလို့ပြောင်းနေလိုက်တယ်။ ရပ်ကွက်ရုံးမှာပဲ နီးနီးနားနား နေလိုက်ပါတယ်။ အတူပြောင်းလာတဲ့သူ ၂၀ ဦး စုနေကြတာပါ”ဟု ရပ်ကွက်(၈)အနောက်ကုန်းမှ ဒေါ်မြင့်ခိုင်က ပြောသည်။

 ကသာမြို့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်သည် ၁၀၄၀ စင်တီမီတာဖြစ်၍ ဇူလိုင် ၂၈ ရက်၊ ၁၂ နာရီချိန် တိုင်းထွာချက်အရ ၁၀၅၈ စင်တီမီတာရှိပြီး တဖြည်းဖြည်းချင်းသာတက်နိုင်သော်လည်း နောက်နှစ်ရက်တွင် ရေ တန့်နိုင်ကြောင်း ကသာမြို့နယ် မိုးလေဝသနှင့် ဇလဗေဒစခန်းမှ သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
ကသာမြို့  မြစ်ကမ်းအနီးရှိ မြို့ပေါ်ရပ်ကွက် အချို့ ရေမြုပ် ကသာမြို့ မြစ်ကမ်းအနီးရှိ မြို့ပေါ်ရပ်ကွက် အချို့ ရေမြုပ် Reviewed by THITHTOOLWIN on 21:25 Rating: 5
Powered by Blogger.